မန္တလေး ၃၁ မေ
မန္တလေးတိုင်းဒေသကြီးအတွင်း လာမည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၅၃၀ဝ အသုံးပြု၍ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်လျာထားကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဘဏ္ဍာနှစ်တွင် မြို့နယ် ၁၁မြို့နယ်ရှိ ကျေးရွာပေါင်း ၂၂ ရွာထိ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်လျာထားပြီး အဆိုပါလုပ်ငန်းများအတွက် စုစုပေါင်းငွေကျပ်သန်း ၅၃၀ဝ သုံးစွဲသွားရန် လျာထားကြောင်း သိရသည်။
" ကမ်းပြိုနိုင်တဲ့ ရွာတွေက မြစ်ရေတိုက်စားခံခဲ့ရတယ် အဲ့တာတွေကို မဖြစ်တော့အောင် ကာကွယ်နိုင် အခုလိုလုပ်ဆောင်တာဖြစ်ပါတယ် တိုင်းဒေသကြီးရန်ပုံငွေနဲ့ လုပ်ဆောင်ဖို့ လျာထားတာပါ။ ဒီလုပ်ငန်းတွေအားလုံးကို လာမယ့် ရေနည်းကာလမှာ စတင်လုပ်ဆောင်ပါမယ်။လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လုပ်ငန်းတွေကတော့ လာမယ့်ဇွန်လလယ်မှာ ပြီးပါမယ် " ဟု အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းကပြောသည်။
ကမ်းပါးပြိုကျမှု ကာကွယ်ရေးလုပ်ဆောင်ရမည့် နေရာ ၂၂ နေရာရှိပြီး ယင်းတို့မှာ စဉ့်ကူးမြို့နယ်တွင် ၅ ရွာ မတ္တရာမြို့နယ်တွင် ၄ ရွာ ငါန်းဇွန်မြို့နယ်တွင် ၄ ရွာ မြင်းခြံမြို့နယ်တွင် ၁ ရွာ ညောင်ဦးမြို့နယ်တွင် လေးရွာ ပုသိမ်ကြီးမြို့နယ်တွင် တစ်ရွာ အမရပူရမြို့နယ်တွင် တစ်ရွာ နှင့် စဉ့်ကိုင်မြို့နယ်တွင် ၂ ရွာ တို့ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း မြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများကို ကျေးရွာ ၁၅ ရွာနှင့် ရေလမ်းကြောင်းကောင်းမွန်ရေးလုပ်ငန်း လေးခုကို ဧရာဝတီမြစ်အတွင်း စဉ့်ကူး၊ မတ္တရာ၊ ကသာနှင့် မြင်းခြံမြို့နယ်တို့တွင် ငွေကျပ် သန်း ၅၂၀ဝအသုံးပြု၍ လုပ်ဆောင်ခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။
သူရိန်လင်း


