မန္တလေး ၂၁ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သစ်အခြေခံ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)ကို လာမည့် မတ်လအတွင်း သစ်မျိုးစုံကုန်ကြမ်း တန်ချိန် ၉၀ဝ ကျော် ရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သစ်အခြေခံ (MSME) လုပ်ငန်းများ၏ သစ်ကုန်ကြမ်းလိုအပ်နေမှု ဖြည့်ဆည်းပေးရန်နှင့် တရားမဝင် သစ်မှောင်ခိုရောင်းဝယ်နေမှုများ ပပျောက်စေရန်အတွက် လာမည့် မတ်လ တတိယပတ်တွင် ဒေသတွင်းအိတ်ဖွင့်လေလံ စနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည် ။
" လာမယ့် မတ်လ တတိယပတ်လောက်မှာ ရောင်းချနိုင်မယ်။ လေလံရောင်းချမယ့်ရက်ကို ရက်သတ္တနှစ်ပတ်ကြိုပြီး လုပ်ငန်းရှင်တွေကို အကြောင်းကြားပေးသွားမှာပါ ။ လေလံစနစ်နဲ့ ရောင်းချဖို့ သစ်အမျိုးအစားနဲ့ တန်ချိန်တွေကို ရုံးချုပ်ကို စိစစ်ဖို့ တင်ထားတယ်။ " ဟု အဆိုပါဌာန လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်ခင်ထူးမေက ပြောသည်။
လေလံစနစ်ဖြင့် ရောင်းချရာ၌ ကျွန်း၊ ပျဉ်းကတိုး၊ သစ်မာ အစရှိသည့် သစ်ကုန် ကြမ်းများကို သစ်လုံး၊ သစ်ခွဲသား၊ အတို၊ အသေး၊ ရွေးကျန်များကို မျက်မြင်အခြေအနေ အတိုင်း အိတ်ဖွင့် လေလံစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ သစ်ကုန်ကြမ်း ဝယ်ယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် သမာဓိအာမခံကြေးပေးသွင်း၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း အဆိုပါဌာနမှ သိရသည်။
သူရိန်လင်း


