နေပြည်တော် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးသွားသည့် လမ်းလုပ်ငန်းများ ပြုပြင်ဆောင်ရွက်နေမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့်အတူ အောက်တိုဘာ ၁၆ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တောင်ပေါ်ဒေသ လမ်း ဆောက်လုပ်ရေးကုမ္ပဏီမှ B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက် လျက်ရှိသည့် (မန္တလေးတိုင်း ဒေသကြီးအပိုင်း) မိတ္ထီလာ- တောင်ကြီး-ကျိုင်းတုံ - တာချီလိတ် လမ်း မိုင်တိုင်(၄၇/၀-၄၇/၃)အတွင်း ချောင်းရေ တိုက်စားမှုကြောင့် လမ်းသားပဲ့ကျမှု ဖြစ်ပွားခဲ့သည့် နေရာများကို Soil Reinforcement Retaining Wall တည်ဆောက် ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ မိုင်တိုင်(၄၉/၄-၅) အတွင်း ဆောင်ရွက်နေသော ၄၈ ပေ အကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကုမ္ပဏီစီမံကိန်းအင်ဂျင်နီယာက ရှင်းလင်း တင်ပြသည်။
တင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီး ဦးမျိုးမြင့်က ဌာနမှ သတ်မှတ်ပေးထားသည့် လမ်းဒီဇိုင်း၊ Retaining Wall ဒီဇိုင်းများအတိုင်း သေချာစွာဆောင်ရွက်သွားရန်၊ ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက် ရာတွင် လမ်းပခုံး၌ တစ်ဆက်တည်း ထည့်သွင်းတည်ဆောက်သွားရန်၊ ပေးထားသော ဒီဇိုင်းအတိုင်း expansion Joint များ ထည့်သွင်း တည်ဆောက်ရန်နှင့် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အန္တရာယ်ကင်းရှင်းရေး အလေးထား၍ စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ရှမ်းပြည်နယ် (တောင်ပိုင်း)မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်လမ်း မိုင်တိုင် (၅၄/၃ - ၅၄/၄)အတွင်း တောင်ကျချောင်းရေ တိုက်စားမှုကြောင့် လမ်းသားပဲ့ကျမှု ဖြစ်ပွားခဲ့သည့် နေရာကို ရေလမ်းကြောင်း ဖြောင့်ခြင်းလုပ်ငန်းနှင့် ချောင်းရေလမ်းကြောင်းလွှဲခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ မိုင်တိုင် (၅၇/၁ - ၅၇/၂) အတွင်း လမ်းသားပဲ့ကျမှုဖြစ်ပွားခဲ့သည့်နေရာကို Soil Reinforcement Retaining Wall တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် မိုင်တိုင်(၅၇/ ၁-၂)ကြား retaining wall တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


