မန္တလေး ၁၄ မတ်
မန္တလေးမြို့အောင်ပင်လယ် မြို့အထွက် ဘိုးဘိုးကြီး နတ်နန်းမှ ကျောက်ချော ၁၆ မိုင်ဂိတ်အထိ မတ်လ ၁၇ ရက်နေ့တွင် အမှိုက်ကောက် သန့်ရှင်းရေး ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ က သိရသည်။
ယင်းအမှိုက်ကောက် သန့်ရှင်းရေး ပြုလုပ်ခြင်းကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ဦးဆောင်ခြင်းဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနနှင့် အရပ်ဖက် အဖွဲ့အစည်းများ ပူးပေါင်းပါဝင်မည် ဖြစ်သည်။
"မြို့အထွက်ကနေ ၁၆ မိုင် စစ်ဆေးရေးဂိတ်အထိ အမှိုက်ကောက်တာကို အထူးအမှိုက်ကောက်ပွဲ အနေနဲ့ ဆောင်ရွက်တာ ဖြစ်တယ်။ ကျွန်တော်တို့ သန့်ရှင်းရေးဌာနက ယာဉ်ယန္တရားနဲ့ လူအင်အား အကုန်ပါမယ်။ ပုသိမ်ကြီးမြို့နယ်က စည်ပင်သာယာ နယ်နိမိတ်ထဲ မပါပေမယ့် လုပ်ဆောင်ပေးပါတယ်။" ဟု မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ သန့်ရှင်းရေးဌာန ဒုဌာနမှူး ဦးစိုးတင့်အောင် က ပြောသည်။
ဘိုးဘိုးကြီး နတ်နန်း မှ ကျောက်ချော ၁၆ မိုင်ဂိတ်အထိ လမ်းဘေးဝဲယာတွင် ခရီးသွားကားများက အမှိုက်များ စွန့်ပစ်မှုများနှင့် အနီးအနားရှိ ကျေးရွာများမှ အမှိုက်စွန့်ပစ်မှုများကြောင့် မြို့တော်အင်္ဂါရပ်နှင့် မညီပဲ ဖြစ်နေသည်။
မန္တလေးမြို့၌ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းကို မန္တလေးမြို့တော် သန့်ရှင်းရေးနေ့အဖြစ် သတ်မှတ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ် (၆) မြို့နယ်တွင် သန့်ရှင်းရေးလုပ်ငန်းများ၊ အမှိုက်စွန့်ပစ်ခြင်း ပညာပေးလုပ်ငန်းများ ပြုလုပ်လျှက်ရှိသည်။
သူရိန်လင်း
ဓါတ်ပုံ - Ye Lwin’s facebook (မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်)


