ဖနောင်ပင် ၆ အောက်တိုဘာ
မသန့်သော ဆေးထိုးအပ်အသုံးပြုမှုကြောင့် လူနာ ၂၀၀ ကျော်အား အိပ်ခ်ျအိုင်ဗွီပိုးကူးစက်စေခဲ့သည့် ကမ္ဘောဒီးယား လိုင်စင်မဲ့ ဆရာဝန်တစ်ဦးကို ကမ္ဘောဒီးယားအထက်တန်း တရားရုံးက အောက်တိုဘာ ၄ ရက်တွင် ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်လိုက်သည်။
ဆေးဝါးကုသပေးခဲ့သည့် လူနာအများစု၏သွေးတွင် အိပ်ခ်ျအိုင်ဗွီရောဂါ အပေါင်းလက္ခဏာ ပြသခဲ့ပြီးနောက် အသက် ၆၀ အရွယ် ဆရာဝန် ယမ်ချရင်းသည် ၂၀၁၄ ခုနှစ်က ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး မသန့်သောဆေးထိုးအပ် အသုံးပြုမှုကြောင့် ရောဂါကူးစက်မှုဖြစ်ပွားစေသည်ဟု စွပ်စွဲခြင်းခံခဲ့ရသည်။ အိပ်ခ်ျအိုင်ဗွီဆိုသည်မှာ အေအိုင်ဒီအက်စ် ရောဂါဖြစ်စေနိုင်သော ဗိုင်းရပ်ပိုးတစ်မျိုးဖြစ်သည်။
ဘတ်တမ်ဘန်းပြည်နယ် တရားရုံးက ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုကိုကျူးလွန်သည့် ဆရာဝန်၏ ပြစ်မှုကို ၂၀၁၅ ခုနှစ်တွင် ရှာတွေ့ခဲ့ပြီးနောက် ၎င်းအား ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရောဂါကူးစက်ခံရသည့် လူနာ ၁၀၀ ကျော်အား လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ နှင့် ၃၀၀၀ အကြား နစ်နာကြေး ပေးဆောင်ရန်လည်း တရားရုံးက ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ဆရာဝန်၏အမှုနှင့်ပတ်သက်၍ ပြည်နယ် တရားရုံး၏ဆုံးဖြတ်ချက်ကိုအတည်ပြုရန် အယူခံ တရားရုံးက ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ဆုံးဖြတ်ခဲ့သည်။
ဆေးထိုးအပ်အသစ်ရယူရန် အခက်အခဲရှိသောကြောင့် သုံးပြီးသားဆေးထိုးအပ်များကို လူနာအများအပြားတွင် ပြန်လည်အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ချရင်းက တရားရုံးတော်သို့ ဆက်လက်ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ


