မတူပီ ၁၃  မတ်

 

မတူပီမြို့၌ (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံကိန်းမန်နေဂျာရုံး(၁)ရွှေစာရံ မှ ကြီးကြပ်၍ မဟာဓာတ်အားလိုင်းသွယ်တန်းမှုလုပ်ငန်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မတူပီမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအွမ်ဟုန်း ထံမှသိရသည်။ မင်းတပ်- မတူပီ ဓာတ်အားလိုင်း (၅၀.၅) မိုင်အတွင်း လျှပ်စစ်တာဝါတိုင် (၂၂၈) တိုင် စိုက်ထူပြီး ဓာတ်အားလိုင်းသွယ်တန်းမည်ဖြစ်ရာ ယခုအခါ တာဝါတိုင်(၁၃၇) တိုင်စိုက်ထူမည့် မြေနေရာ ရှင်းလင်းခြင်းနှင့် ကွန်ကရစ်လောင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

 

မတူပီမြို့ပေါ်တွင် မဟာဓာတ်အားလိုင်းဖြန့်ဖြူးပေးနိုင်ရန်အတွက် (၆၆)ကေဗွီ ဓာတ်အားလိုင်းခွဲရုံ တည်ဆောက်မှုကို စီမံကိန်းမန်နေဂျာရုံး(၁) ရွှေစာရံမှ ကြီးကြပ်၍ အောင်မြင့်မိုရ် ကုမ္ပဏီမှ ( Tunkey )စနစ်ဖြင့် ထရန်စဖော်မာ ( 5 MVA ) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသည်။ 

 

မတူပီမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး အနေဖြင့် မြို့ပေါ်(၄)ရပ်ကွက်အတွင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် လျှပ်စစ်မီးတိုင်နှင့် လျှပ်စစ်မီးကြိုးများအား ဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက်တောင်းခံပြီး အသစ်လဲလှယ်ခြင်း ဆောင်ရွက်ထားကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးအွမ်ဟုန်းထံမှ သိရသည်။

 

မတူပီမြို့တွင်း လျှပ်စစ်ဓာတ်အား ပေးဝေမှုကို ဘုံတလာရေအားလျှပ်စစ်နှင့် နမ့်လောင်ရေအားလျှပ်စစ်တို့ မှ မြို့ပေါ်(၄)ရပ်ကွက်သို့ဖြန့်ဖြူးပေးလျှက်ရှိရာ မိုးတွင်းကာလများမှအပ လျှပ်စစ်မီးလုံလောက်မှု မရှိပေ။ အဆိုပါ မင်းတပ်-မတူပီ မဟာဓာတ်အားလိုင်း သွယ်တန်းမှုလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ် ဆောင်ရန်လျာထားဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။

 

MDN