မုံရွာ ၁၄  မတ် 


၂ဝ၁၉ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကာအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင် များမှ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။


''ရေအနက်(၆)ပေရဲ့ဟိုဖက်ကမ်းကို မသွားရနေရာများအဖြစ်သတ်မှတ်တယ်၊ အဲဒိနေရာကိုကျော်ပြီး ရေကစားတာတွေ မလုပ်ဖို့စောင့်ကြည့်မယ်၊ ပြည်သူလူထုရဲ့ ပျော်ရွှင်မှု မထိခိုက်အောင်လည်း ထိန်းသိမ်းပြီး စောင့်ကြပ်ကြည့်ရှုမှာဖြစ်သလို လိုအပ်လာရင်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေး သွားမှာဖြစ်တယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက ပြောသည်။ 


ဧပြီလ(၇)ရက်နေ့မှဧပြီလ(၁၇)ရက် (မြန်မာနှစ်ဆန်း (၁)ရက်နေ့) အထိ မြစ်ကြောင်းအတွင်း မီးသတ် တပ်ဖွဲ့ဝင် ၇ဝ တို့မှ စပိဘုတ်(၅)စီး၊သင်္ဘောကြီးတစ်စီးတို့ဖြင့် စောင့်ကြပ်ကြည့်ရှုမှုများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


''သင်္ကြန်ကာလ အတွင်းမှာ မြို့ပေါ်လမ်းမကြီးများနဲ့ ချင်းတွင်းသင်္ကြန်ကျင်းပတဲ့နေရာတွေမှာ ယာဉ်ကြောကြပ်တည်းမှုမဖြစ်စေရေး၊ ခိုက်ရန်မဖြစ်ပွားစေရေးနဲ့ မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ မဖြစ်စေဖို့ အတွက်အဓိကကျတဲ့နေရာတွေမှာ CCTV ကင်မရာတွေနဲ့စောင့်ကြပ်ကြည့်ရှုမဲ့အပြင် တပ်ဖွဲ့ဝင်တွေကိုလည်း ချထားပြီး စောင့်ကြပ်သွားမှာဖြစ်ပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောသည်။


၂ဝ၁၈ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း မုံရွာမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် (၄၅၅)ဦး၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင် (၄၅)ဦးတို့ဖြင့်လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)