မုံရွာ ၁၆ မတ်   

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပြည်သူ့ဆေးရုံရှိ ခုတင် ၅၀ဝ ဆံ့ ငါးထပ်ဆောင်  အဆောက်အဦ တည်ဆောက်နေမှုမှာ လက်ရှိတွင် ၈၀ ရာခိုင်းနှုန်း ပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းထံမှ သိရသည်။

 

မုံရွာမြို့ပြည်သူ့ဆေးရုံရှိ ခုတင် ၅၀ဝ ဆံ့ ငါးထပ်ဆောင်  အဆောက်အဦကို ၂၀၁၄ ခုနှစ်ကစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိ အချိန်အတွင် ၈၀ ရာခိုင်းနှုန်းသာ ပြီးစီးနေပြီး ကုန်ကျငွေ အနေဖြင့် ကျပ်သန်းပေါင်း ၂၆၆၅ သန်း ကုန်ကျနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ကပြောသည်။

 

''ဆေးရုံကြီးရဲ့ မူလပထမ ဒီဇိုင်းအားဖြင့် ၇ ထပ် ရည်ရွယ်ခဲ့ပေမယ့်  ဖောင်းဒေးရှင်းအရ ငါးထပ်သာ ဆောက်သင့်တဲ့ အတွက် ငါးထပ်ဆောင်ကို ပြုပြင်ပြောင်းလဲ ဆောက်ခဲ့ပါတယ်။ လုပ်ငန်းပြီးစီးမှုမှာ ၈၀ ရာခိုင်းနှုန်းပြီးစီးနေပြီ အဆောက်အဦတစ်ခုလုံးပြီးစီးဖို့အတွက်  လိုအပ်ငွေ ကျပ်သန်း ၃၂၄၃ သန်းခန့်လိုအပ်မှာ ဖြစ်ပြီး ပြီးစီးဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံက ရသုံးခန့်မှန်းခြေ ဧပြီလကနေ စက်တင်ဘာလ အထိ ကျပ်သန်း ၁၅၅၅ သန်းရရှိပြီ ဖြစ်ပါတယ်။ အဲဒီရရှိတဲ့ ငွေကြေးများကို  ဆေးရုံကြီးတည်ဆောက်ရန် သုံးစွဲဖို့ ပြည်ထောင်စု အစိုးရကို တင်ပြ မှာဖြစ်ပြီး လိုအပ်တဲ့ ဝန်ထမ်းများကို  ခန့်အပ်ဖိုရာ ပြည်ထောင်စု အစိုးရကို ဆက်လက်တင်ပြမှာဖြစ်ပါတယ် ''ဟု ၎င်း ကပြောသည်။

 

မုံရွာမြို့ပြည်သူ့ဆေးရုံရှိ ခုတင် ၅၀ဝ ဆံ့ ငါးထပ်ဆောင်  အဆောက်အဦ ရာနှုန်းပြည့်ပြီးစီးရန် အတွက် လိုအပ်သည့် ငွေကြေးများကို ဘဏ္ဍာနှစ်အလိုက် တင်ပြတောင်းခံထားကြောင်းနှင့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

 

''၂၀၁၈ -၂၀၁၉ ဘဏ္ဍရေးနှစ်မှာ ကျပ်သန်း ၅၀ဝ ဖြည့်စွက်တင်ထားပါတယ်။ ၂၀၁၉ -၂၀၂၀ဘဏ္ဍာရေးနှစ်မှာကျပ် သန်း ၁၀ဝ၀ တင်ထားပါတယ်။၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်မှာ  ဒီဆေးရုံကြီးကို အပြီးဆောက်ဖို့ လုပ်နေပါတယ်။ ချက်ချင်းမပေးနိုင်တာက ကျွန်တော်တို့မှာ  အရည်အသွေးပြည့်မီတဲ့ Thirt party နဲ့ စစ်ထားတာ မရှိဘူး။မှတ်တမ်းအပြည့်အစုံမရှိလို့ နည်းနည်းကြာခြင်းဖြစ်ပါတယ်။ သို့သော်လည်း ၂၀၂၀ -၂၀၂၁ မှာ အပြီးလုပ်ဖို့ လုပ်ထားပါတယ် ''ဟု ၎င်း ကပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ဆောက်ဆဲ ခုတင် (၅၀ဝ) ဆံ့ ဆေးရုံ တစ်ရုံနှင့် ခုတင် (၃၀ဝ) ဆံ့ ဆေးရုံ တစ်ရုံ၊ ခုတင် (၂၀ဝ )ဆံ့ ဆေးရုံ နှစ်ရုံ၊ ခုတင် (၁၀ဝ)ဆံ့ ဆေးရုံ (၆) ရုံ၊ ခုတင် (၅၀) ဆံ့ ဆေးရုံ (၁၁ )ရုံ၊ (၂၅ ) ခုတင်ဆံ့ဆေးရုံ (၁၉) ရုံ ၊(၁၆) ခုတင်ဆံ့ ဆေးရုံ (၉၉) ရုံ၊ ကျေးလက်ကျန်းမာရေးဌာန (၂၄၁) ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၁၁၆၅ )ခု၊ဒေသန္တရကျန်းမာရေးဌာန နှစ်ခု၊ ကျောင်းကျန်းမာရေးဌာန ငါးခု၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန (၄၀ )ခု၊ အနာကြီးရောဂါတိုက်ဖျက်ရေး ငါးဖွဲ့၊ အထူးရောဂါတိုက်ဖျက်ရေး နှစ်ဖွဲ့၊တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့ လေးဖွဲ့၊ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး သုံးဖွဲ့၊ ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့သုံးဖွဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အဖွဲ့ ၉ ဖွဲ့နှင့် တိုင်းရင်းဆေးကုဌာန ၄၂ ဌာန ဖွင့်လှစ်ထားရှိထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

 

ကိုမင်း(အင်းတော်)