ကေ - ဂျူ၀ယ်လ်

 

ကလေးတို့ မုန်တိုင်းကြီးတွေရဲ့ ဘေးအန္တရာယ်ကို ကြုံဖူး၊ ကြားဖူးကြသလား။ သိပ်ကိုကြောက်စရာကောင်းပြီး ကြမ်းတမ်းတဲ့ မုန်တိုင်းတွေဟာ အိမ်တွေ၊ သစ်ပင်တွေ၊ ကားတွေ၊ လူတွေနဲ့ တိရစ္ဆာန်လေးတွေအားလုံးကို ရက်ရက်စက်စက်နဲ့ ပျက်စီးအောင် လုပ်နိုင်စွမ်းရှိကြတာကွဲ့။

မုန်တိုင်းလို့ပြောလိုက်ရင် မိုးတွေရွာတာ၊ လေတွေ တိုက်တာမျိုးတင် မဟုတ်ပါဘူး။ မိုးကြိုးမုန်တိုင်း၊ လေမုန်တိုင်း၊ ရေခဲမုန်တိုင်း၊ နှင်းမုန်တိုင်း၊ မီးမုန်တိုင်း၊ သဲမုန်တိုင်း၊ လေနီကြမ်း၊ လေဆင်နှာမောင်း စတဲ့ အခြား မုန်တိုင်းအမျိုးအစား သဘာ၀ဘေးအန္တရာယ်တွေလည်း ရှိပါသေးတယ်။

မမတို့နိုင်ငံမှာ အများသိကြတဲ့ ထင်ရှားပြီး စိတ် မကောင်းစရာကောင်းလောက်အောင် လူတွေအများ ကြီးကို စိတ်ဆင်းရဲအောင်လုပ်ခဲ့တဲ့ မုန်တိုင်းကတော့ နာဂစ်ဆိုတဲ့ မုန်တိုင်းပေါ့။ ၂၀၀၈ ခုနှစ် အခုလို မေလမှာ တိုက်ခတ်ခဲ့တာ အခုဆိုရင် ၁၂ နှစ်တောင်ကြာခဲ့ပြီ။ မမတို့ အတွက်တော့ အဲဒီနာဂစ်က မမေ့နိုင်စရာကောင်းပြီး ကြောက်စရာလည်း သိပ်ကောင်းခဲ့တာပဲ။ လေတွေက တဝုန်းဝုန်းတိုက်ခတ်ပြီး မိုးတွေကလည်း သဲသဲမဲမဲ ရွာချနေတာ။ အိမ်အမိုးတွေက ငှက်ကြီးတွေလို လေမှာ ပျံဝဲနေကြပြီး မမတို့တစ်အိမ်လုံး ရေတွေနဲ့ပြည့်နေတာ ပေါ့။ မမတို့ ရန်ကုန်မြို့ထက် နာဂစ်မုန်တိုင်းကို ဧရာ၀တီ မြစ်၀ကျွန်းပေါ်ဒေသက အများဆုံးတွေ့ကြုံခံစားခဲ့ကြ တယ်။ မုန်တိုင်းကြောင့် လူတွေသေ၊ တိရစ္ဆာန်လေးတွေ သေကျေပြီး စိုက်ပျိုးထားတဲ့ စပါးတွေ၊ ကောက်ပဲ သီးနှံတွေ ပျက်စီး၊ အိမ်ကလေးတွေ ပြိုလဲလို့ နေစရာ၊ စားစရာ၊ ၀တ်စရာ ဘာမှမကျန်တော့အောင် ဖြစ်ခဲ့ရတဲ့သူတွေ အများကြီးရှိခဲ့တယ်။ ပြောရရင်တော့ မုန်တိုင်းဆိုတာနဲ့ သိပ်တော့မကောင်းတော့ဘူး ကလေးတို့ရေ။ ဒါပေမယ့် ကလေးတို့အတွက် ဒီတစ်ပတ်မှာ မမက မုန်တိုင်းကြီးတွေရဲ့ အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်။ ဒါမှ ကလေး တို့ မတော်တဆကြုံတွေ့ခဲ့မယ်ဆိုရင် ကြိုတင်ပြင်ဆင်လို့ ရမှာပေါ့နော်။

 

အမှန်တော့ မုန်တိုင်းအမျိုးအစား အများကြီးရှိတဲ့ အထဲက မမပြောချင်တဲ့မုန်တိုင်းကတော့ လေမုန်တိုင်း အကြောင်းပေါ့။ လေမုန်တိုင်းဆိုတာ သမုဒ္ဒရာထဲမှာ လေဖိအားတွေများပြီး လေထုအစိုင်အခဲကြီးက ရွေ့လျား ဖြတ်သန်းသွားတာကို ခေါ်တာပါ။ လေမုန်တိုင်းကို ကမ္ဘာ‌ပေါ်မှာ သတ်မှတ်တဲ့အခေါ်အ‌ဝေါ် သုံးခုရှိတယ်။ မမတို့နိုင်ငံနဲ့နီးတဲ့ အိန္ဒိယသမုဒ္ဒရာနဲ့ တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းမှာ ဖြစ်တဲ့မုန်တိုင်းတွေကို ဆိုင်ကလုန်း မုန်တိုင်းလို့ခေါ်ကြတယ်။ အနောက်ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်လာတဲ့ မုန်တိုင်းကို တိုင်ဖွန်းလို့ခေါ်ပြီး အနောက် အတ္တလန္တိတ်သမုဒ္ဒရာနဲ့ အရှေ့ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ရင် တော့ ဟာရီကိန်းလို့ ခေါ်ကြပါတယ်။

မုန်တိုင်းတစ်ခု အစပြုလာတာနဲ့ မိုးလေ၀သပညာရှင် တွေက အဲဒီမုန်တိုင်းကို နာမည်တွေပေးကြတာပေါ့။ ဥပမာ ပြောရရင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဆိုပြီးပေါ့။ လေမုန်တိုင်းတွေဟာ ပင်လယ်သမုဒ္ဒရာတွေမှာ အစပြု ပါတယ်။နေပူရှိန်ကြောင့် ပင်လယ်ရေပြင် ပူနွေးပြီး သမုဒ္ဒရာ ရဲ့အထက်မှာ လေဖိအားနည်းရပ်၀န်းတစ်ခု ဖြစ်လာတယ်။ သူက အင်အားများလာလေလေ မုန်တိုင်းက ပြင်းထန် လေလေပေါ့။ နာဂစ်မုန်တိုင်း မမတို့နိုင်ငံကို ၀င်လာတဲ့အခါ တစ်နာရီကို မိုင် ၁၂၀ နှုန်းနဲ့ တိုက်ခတ်သွားခဲ့တာ။ ကမ္ဘာပေါ်က အချို့မုန်တိုင်းကြီးတွေဟာလည်း တစ်နာရီကို မိုင် ၂၀၀ နီးပါးလောက်အထိကို တိုက်ခတ်ခဲ့ကြတာပေါ့။ မုန်တိုင်းကျတဲ့အခါ ကောင်းကင်ကြီးမှာ မည်းမှောင်တဲ့ တိမ်တွေပြည့်လာပြီး မိုးတွေရွာ၊ မိုးကြိုးတွေပစ်နဲ့ လေတွေကလည်း ‌ဝေ့ဝိုက်တိုက်ခတ်တာမို့ သစ်ပင်တွေ၊ အိမ်တွေအားလုံး ပြိုလဲကုန်တာပေါ့။

မတော်လို့များ ကလေးတို့က မုန်တိုင်းတွေနဲ့ ကြုံလာမယ်ဆိုရင် မိုးလေ၀သဌာနက ထုတ်ပြန်တဲ့သတင်း တွေကို အဆက်မပြတ်နားထောင်ပါ။ အိမ်မှာပဲနေပြီး စားစရာ၊ ရေသန့်နဲ့ ဆေးဝါးတွေကို စုဆောင်းထားဖို့ လိုပါတယ်။ လိုအပ်မယ်ဆိုရင် ဘေးကင်းတဲ့နေရာကို အချိန်မီရွှေ့ပြောင်းသွားရမှာဖြစ်သလို လျှပ်စစ်ကြိုးတွေ နဲ့လည်း ရှောင်ရှားရမယ်။ လူကြီးတွေအနားမှာပဲနေထိုင်ပြီး အိမ်မှာဆိုရင်လည်း ပြတင်းတံခါးတွေကို လေဝင်တဲ့အခါ တစ်ဖက်က ပြန်ထွက်သွားနိုင်အောင် ဖွင့်ထားဖို့လိုပါတယ်။ အသက်ကယ်ဝတ်စုံတွေ၊ လေဗောကွင်းတွေကို ဆောင်ထား ဖို့လိုပြီး ဘာမှမရှိရင်တောင် ရေသန့်ဘူးခွံတွေကိုစုပြီး ရေပေါ်မှာအသက်ကယ်ဗောအဖြစ် အသုံးပြုနိုင်အောင် ပြင်ဆင်ထားဖို့လိုပါတယ်။ ကဲ - ကြောက်စရာကောင်းတဲ့ မုန်တိုင်းတွေဘေးကနေ ကလေးတို့ အမြဲကင်းဝေးပါစေလို့ မမက ဆုတောင်းပေးပါတယ်နော်။ နောက်တစ်ပတ်ကြမှ ပြန်တွေ့မယ်နော်။

 

 

မြန်မာ့အလင်း ( ရင်သွေးငယ်ကမ္ဘာ)