မူဆယ် ၁၉ ဖေဖော်ဝါရီ


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၃ နာရီက ပြည်ထောင်စု အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

123


အဆိုပါ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ ထမနဲထိုးပွဲကို ရိုးရာအစဉ်အလာ မပျက်ရန် ရည်ရွယ်ကျင်းပ ရခြင်းဖြစ်ပြီး မူဆယ်မြို့ပေါ်ရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များ၊ ပုဂ္ဂလိကဘဏ်များ၊ ကုမ္ပဏီများနှင့် လူမှုရေးအသင်း အဖွဲ့များ စုစုပေါင်း(၃၄)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ 

 

12


ပြိုင်ပွဲတွင် ဒိုင်ချုပ်မှ ပါဝင်ယှဉ်ပြိုင်မည့် အသင်းများကို စည်းကမ်းချက်များ ရှင်းလင်းပြောကြားပြီး၊ ထမနဲထိုးပြိုင်ပွဲတွင် ပြင်ဆင်ထားသည့် အသုံးအဆောင်များကို အကဲဖြတ်အမှတ်ပေး ဒိုင်များနှင့် တာဝန်ရှိသူများက လှည့်လည်စစ်ဆေးခဲ့သည်။


ဆက်လက်၍ ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ရရှိသောအသင်းကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးညွန့်ကလည်းကောင်း၊ ဒုတိယဆုရရှိသော အသင်းကို ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး  ဦးဥက္ကာကလည်းကောင်း၊ တတိယဆု ရရှိသော အသင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်ကလည်းကောင်း၊ အထူးဆု(၅)ဆုကို တာဝန်ရှိသူများကလည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆိုင်ဖြူ(မူဆယ်)