မြဝတီ နိုဝင်ဘာ ၄

 

ကရင်ပြည်နယ် မြဝတီမြို့ ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလပြည့် (သာမညဖလ) အခါတော်နေ့ မသိုးသင်္ကန်း၊ ဆွမ်းတော်ကြီးနှင့် ဆီမီး ၉၀၀၀ ဆက်ကပ်လှူဒါန်း ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သာသနာ့ ဟိတကာရီ ဗိမာန်တော်၌ ကျင်းပသည်။

 

ဦးစွာ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် မြဝတီမြို့ မြသုခ တပ်ဦးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒနှင့် ဆရာတော်၊ သံဃာတော် အရှင်သူ မြတ်များထံ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြသည်။

 

ပူဇော်ကပ်လှူ

 

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက မသိုးသင်္ကန်းကို ကိုင်ဆောင်၍ ရွှေမြင်းဝန်စေတီ တော်မြတ်ကြီးအား လက်ယာ ရစ်လှည့်ပတ် ပူဇော်ကပ်လှူကြသည်။

 

ယနေ့နံနက် ၄ နာရီတွင်လည်း ရွှေမြင်းဝန်​စေတီတော်မြတ်ကြီး၌ အမှတ်(၅)ရပ်ကွက် မွေးမြူရေး ဇုန်နေ အလှူရှင် ဦးဖိုးမြိုင်မိသားစုက ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ခြင်း၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်မုခ်ဦးတော်များရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ကြာသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ ဆွမ်းတော်ကြီး၊ သစ်သီးကိုးမျိုး ဆက်ကပ် လှူဒါန်းခြင်းနှင့် ဘုရားဖူးလာ ပြည်သူများအား စတုဒိသာဖြင့် ကျွေးမွေးခဲ့ကြောင်း သိရသည်။

 

ဆောင်းနှင်းဖြူ(ပြန်/ဆက်)