နေပြည်တော် ၇ စက်တင်ဘာ

စက်တင်ဘာ ၆ ရက် နံနက် ၁၁ နာရီက မြဝတီမြို့၊ (၁)ရပ်ကွက်၊ သဇင်လမ်းရှိ ဈေးဆိုင်၌ ငွေစက္ကူအတုများ ကိုင်ဆောင်အသုံးပြုနေသူတစ်ဦး တွေ့ရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

စစ်ဆေးချက်များအရ ထွန်းခိုင်(၃၃)နှစ်၊ ရသေ့တောင်မြို့နေသူအား ၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ ငွေစက္ကူအတု တစ်သောင်းကျပ်တန် ၇၀ ရွက်၊ ၎င်းတည်းခိုနေထိုင်သော တည်းခိုခန်းရှိ အခန်းအတွင်းမှ ငွေစက္ကူအတု တစ်သောင်းကျပ်တန် ၇၀ ရွက်နှင့် ၎င်းဈေးဝယ်ခဲ့သည့် ဈေးဆိုင်မှ ငွေစက္ကူအတု တစ်သောင်းကျပ်တန် ၂ ရွက် စုစုပေါင်းငွေစက္ကူအတု တစ်သောင်းကျပ်တန် ၁၄၂ ရွက်အား သိမ်းဆည်းရမိခဲ့သဖြင့် စစ်မေးရာ လွန်ခဲ့သော ၁ နှစ်ခန့်က တစ်ဖက်နိုင်ငံ မဲဆောက်မြို့သို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်စဉ် မင်းပြားမြို့နေသူ ရခိုင်အမျိုးသားတစ်ဦးနှင့် ခင်မင်ရင်းနှီးခဲ့ပြီး ငွေစက္ကူအတုများ လဲလှယ်၍ရကြောင်းနှင့် ငွေအစစ် ၅ သိန်းကျပ်ပေးလျှင် ငွေစက္ကူအတု ၁၀ သိန်းကျပ် ပြန်လည်ရရှိကြောင်း ပြောဆိုသဖြင့် ငွေစက္ကူအတုများအား မြန်မာနိုင်ငံအတွင်း၌ အသုံးပြုရန်လဲလှယ်ခဲ့ပြီး တရားမဝင် ပြန်လည်ဝင်ရောက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့်လည်းကောင်း၊  လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ-၁၃(၁) ဖြင့်လည်းကောင်း အမှုအသီးသီး ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းနှင့် ကွင်းဆက်ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

MDN