မြဝတီ စက်တင်ဘာ ၁၄
ကရင်ပြည်နယ် မြဝတီမြို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မိုးရာသီ အသက်(၁၈)နှစ်အောက် အမျိုးသား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်တွင် မြဝတီမြို့ အားကစားပြိုင်ကွင်း၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲကိုကျင်းပရာ အထက - ၁ (မြဝတီ) ဘောလုံးအသင်းနှင့် အလက (အင်ကြင်းမြိုင်) ဘောလုံးအသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲတွင် အလက(အင်ကြင်းမြိုင်) ဘောလုံးအသင်းက အထက - ၁ (မြဝတီ) ဘောလုံးအသင်းကို ငါးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဒိုင်အဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ အကောင်းဆုံး အားကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် အားကစားသမားများအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ကရင်ပြည်နယ် သာသနာ့ နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးစောမုတ်သုန်တို့ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


