မယ်စဲ့ ၁၁ မတ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အော်ရီဒူးတယ်လီဖုန်းလိုင်း တပ်ဆင်မှုနှင့် ပတ်သက်ပြီး ကုမ္ပဏီမှ သက်ဆိုင်ရာဌာနနှင့် ချိတ်ဆက်၍ နှစ်ဦးသဘောတူ ငှါးရမ်းအသုံးပြု ဆောင်ရွက်ခဲ့မှုအပေါ် အစိုးရအဆင့်ဆင့်၏ ခွင့်ပြုချက်များကို အသိပေးတင်ပြမှု၊ ညှိနှိုင်းမှုမရှိဘဲ တာဝါတိုင်တည်ဆောက်ခြင်းအား သံဃာတော်များနှင့် ပြည်သူလူထုမှ ကန့်ကွက်မှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ သံဃာတော်များ၊ ဒေသခံပြည်သူများအား ချပြရှင်းလင်းဆွေးနွေးပွဲကို မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီက မယ်စဲ့မြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က မယ်စဲ့မြို့ တောင်ပိုင်းရပ်ကွက်တွင် အော်ရီဒူးတယ်လီဖုန်းလိုင်း တပ်ဆင်အသုံးပြုနိုင်ရေးအတွက် ပြည်သူတို့၏ သဘောထားများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပြောကြားပြီး သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းသန်းညွန့်က တာဝါတိုင်တည်ဆောက်ရန်အတွက် ကွင်းဆင်းစစ်ဆေးမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသော ဆရာတော်သံဃာတော်များ၊ ဒေသခံပြည်သူများက အော်ရီဒူးတယ်လီဖုန်းလိုင်း တပ်ဆင်မှုနှင့်ပတ်သက်၍ လူထုဆန္ဒခံယူခြင်း၊ ပွင့်လင်းမြင်သာစွာ အသိပေးချပြမှု မရှိဘဲ တည်ဆောက်မှုအပေါ် နောင်တွင် မလိုလားအပ်သော ပြဿနာများရှိလာနိုင်ကြောင်း၊ အဆိုပါတယ်လီဖုန်းလိုင်းအား ကန့်ကွက်ခြင်းထက် တားမြစ်ခြင်းဖြစ်ကြောင်း၊ ယခုလို ကန့်ကွက်မှုများ ဖြစ်ပွားခြင်းသည် အဓိကအားဖြင့် သက်ဆိုင်ရာကုမ္ပဏီမှ ဌာနဆိုင်ရာများ၊ ပြည်သူများအား အသိပေးခြင်းမရှိဘဲ မိမိတို့သဘောဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာခြင်းဖြစ်ကြောင်း အသီးသီးတင်ပြဆွေးနွေးကြသည်။
မယ်စဲ့မြို့နယ်တွင် အော်ရီဒူးတယ်လီဖုန်းလိုင်း တပ်ဆင်မှုကို ပြည်သူလူထုမှ ကန့်ကွက်ခဲ့မှုအပေါ် သက်ဆိုင်ရာကုမ္ပဏီ၊ ဌာနဆိုင်ရာနှင့် ပြည်နယ်အစိုးရတို့က ဆက်လက်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


