၄ နိုဝင်ဘာ

 

အမေရိကန်နိုင်ငံ၏ ဖိအားပေးမှုနှင့် ပတ်သက်ပြီး အီတလီနိုင်ငံက အီရန်နိုင်ငံ၏ မာဟန် လေကြောင်းလိုင်းကို ပိတ်ပင်ခဲ့သဖြင့် အီတလီသို့ပျံသန်းမှုကို ဒီဇင်ဘာလတွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း အီရန်လေကြောင်းလိုင်းအသင်းအကြီးအကဲဖြစ်သူ မာဆော့ဒ် အဆာဒီ ဆယ်လ်မာနီ က ယမန်နေ့က ပြောကြားခဲ့သည်။

 

မာဟန်လေကြောင်းလိုင်းသည် အီတလီနိုင်ငံ ရောမမြို့နှင့် မီလန်မြို့များသို့ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ဆက်လက်ပျံသန်းမည်ဟု  အဆာဒီ ဆယ်လ်မာနီ က ပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRIB ရုပ်သံသတင်းအရ သိရသည်။

 

အမေရိကန်နိုင်ငံ၏ ဖိအားပေးမှုကြောင့် မာဟန်လေကြောင်းလိုင်းကို ပိတ်ပင်ရန် အီတလီနိုင်ငံကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု  ၎င်းက ဆိုသည်။

 

ရောမမြို့နှင့်မီလန်မြို့တို့သို့ မာဟန်လေကြောင်းလိုင်းများ ပျံသန်းမှုကို ဒီဇင်ဘာလတွင် လုံးဝရပ်ဆိုင်းမည်ဖြစ်ကြောင်း  အီတလီလေကြောင်း အာဏာပိုင် ENAC က စနေနေ့က ပြောကြားခဲ့သည်။

 

ဂျာမနီနှင့်ပြင်သစ် ဉရောပနှစ်နိုင်ငံ က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက မာဟန်လေကြောင်းလိုင်းပျံသန်းမှုကို ပိတ်ပင်ခဲ့ကြသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို