နေပြည်တော် ၃၀ စက်တင်ဘာ
သစ်တောဦးစီးဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက် တို့တွင် သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် အကောက်ခွန် ဦးစီးဌာနမှ အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်း များရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် ရှဲကျေးရွာ အနီးဝန်းကျင်နှင့် ပိတ်ချင်းတောကြိုးပြင် ကာကွယ်တောအတွင်းတို့မှ အင်၊ စကားဝါ၊ ကညင်သစ် စုစုပေါင်း ၁၅ ဒသမ ၈၂၀ဝ တန်ကိုလည်းကောင်း၊ မောက္ကတော-အောင်ချမ်းသာလမ်း မိုင်တိုင် အမှတ်(၁၄/ဝ)နေရာ၌ တာယာဘီးတပ်လှည်းသုံးစီးပေါ်မှ အင်သစ် ၈ ဒသမ ၅၉၆၀ တန်နှင့် ပိတ်ချင်းတောကြိုးပြင်ကာကွယ်တောအတွင်းမှ ကညင်နှင့် သရက်သစ် စုစုပေါင်း ၆ ဒသမ ၃၆၄ တန်တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း။
ထို့အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ကိုင်းကြီးကြိုးဝိုင်း အကွက်(၁၀) နန့်ကသာချောင်းဘေးမှ ကျွန်း၊ ပျဉ်းကတိုးနှင့် အင်သစ် စုစုပေါင်း ၂၇ ဒသမ ၉၈၂၀ တန်နှင့် လားရှိုးမြို့နယ် သိန္ဒီမြို့နယ်ခွဲ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၉၈/၃) ရေပူကျေးရွာအနီး၌ HYUNDAI (၂၂)ဘီးယာဉ်ပေါ်မှ ပိတောက်ခွဲသား ၁ ဒသမ ၂၈၁၂ တန် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူများကို စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်


