မကွေး နိုဝင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး ၂ဝ၂၄-၂ဝ၂၅ ခုနှစ် နွေစပါး စိုက်ပျိုးရာသီတွင် ဆာဖိုးသာစပါးမျိုး တစ်ဧကတင်း ၁၅ဝ အထက်နှင့် အောင်နိုင်တိုးစပါးမျိုးတစ်ဧကတင်း ၁၃ဝ အထက်ထွက်ရှိသော တောင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စပါးစိုက်တောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးသည် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်ကြောင်း၊ ဆန်ဖူလုံမှု ၈၀ ရာခိုင်နှုန်းကျော်ရှိပြီး ဝမ်းစာဖူလုံရေးအတွက် ၂၀ ရာခိုင်နှုန်း တိုးတက်စိုက်ပျိုးရမည်ဖြစ်သည့်အတွက် အထွက်ကောင်းမျိုးများဖြစ်သော ဆာဖိုးသာစပါးနှင့် အောင်နိုင်တိုးစပါးမျိုးကဲ့သို့ သက်ရင့်စပါးမျိုး များကို ပြောင်းလဲစိုက်ပျိုးသင့်ကြောင်း၊ ယနေ့ဂုဏ်ပြုခံရသည့် တောင်သူများနည်းတူ အခြားတောင်သူများသည်လည်း တိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ စားရေရိက္ခာ ဖူလုံရေးအတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဆာဖိုးသာ၊ အောင်နိုင်တိုး တစ်ဧကအထွက်နှုန်း အမြင့်ဆုံးရတောင်သူများ၊ ဆာဖိုးသာ စိုက်ပျိုးမှုအများဆုံး ခရိုင်နှင့် မျိုးပြောင်းလဲမှုအများဆုံးခရိုင်၊ ဆာဖိုးသာ/အောင်နိုင်တိုးတစ်ဧက ပျမ်းမျှ အထွက်နှုန်းဆု၊ စိုက်ပျိုးမှုနှင့် မျိုးပြောင်းလဲမှုအများ ဆုံးဆုရရှိသည့် မြို့နယ်များမှ တောင်သူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ဆုပေးပွဲအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ပြခန်းများကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)


