တပ်ကုန်း အောက်တိုဘာ ၂၈

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက တပ်ကုန်းမြို့ဝင် ဆိုင်းဘုတ်အသစ် တည်ဆောက်ရေး မြေနေရာကို ကြည့်ရှုပြီး မြို့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။

ထို့နောက် နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ဆရာစံရပ်ကွက် မဟာသီဟနာဒပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိရာ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ သက်တော်ရှည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ ဆန်၊ ဆီ၊ ဆေး၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် MSME ချေးငွေ လုပ်ငန်းဖြင့် ဆောင်ရွက်ထားသည့် စိန်စီ ဆီစက်နှင့်မြေပဲခွဲစက်ရုံတွင် ဆီထုတ်လုပ်မှုနှင့် မြေပဲကြိတ်ခွဲ ရေးလုပ်ငန်းကို ကြည့်ရှုအားပေးသည်။

ညှိနှိုင်းဆောင်ရွက်

ယင်းနောက် နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ ရောက်ရှိ၍ ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး၊ နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဆောင်ရွက်ရေး၊ MSME လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ မိုးစပါးများနှင့် ဆောင်းသီးနှံများ အချိန်မီ ရိတ်သိမ်းစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနတို့မှ ဝိုင်းဝန်းဆောင်ရွက် ရေး၊ သီးနှံစိုက်တောင်သူများ ဈေးကွက် မှန်ကန်စွာ ရရှိရေး အတွက် ကုန်စည်ဒိုင်ဖွံ့ဖြိုးစေရေး ရှင်းလင်းမှာကြားခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို နေပြည်တော် ကောင်စီဝင်က သက်ဆိုင်ရာ  ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်