သတင်းဆောင်းပါး - မောင်သောင်းဝင်း(တမန်ဟောင်း)
ယခုနှစ်နွေရာသီအပူချိန်သည် မတ်လဆန်းကတည်းက စံချိန်တင်မြင့်တက်လျက်ရှိသည်။ တချို့သော ဒေသများ တွင် အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်အထိပင်ရှိနေပြီ ဖြစ်သည်။ ထိုသို့အပူချိန်မြင့်မားသော နေ့ခင်းဘက်တွင် နေရောင်ခြည်အတွင်း ခရမ်းလွန်ရောင်ခြည် ပါဝင်မှုနှုန်း မြင့်မားလာလျက်ရှိသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် နွေရာသီရောက်လျှင် ပြည်သူများအတွက် ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးနှိုးဆော် ချက်များ ထုတ်ပြန်လေ့ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံ အပူပိုင်းဒေသများတွင် နွေရာသီ၌ ခရမ်းလွန်ရောင်ခြည် ပိုမိုကျရောက်လေ့ရှိသည်။ ခရမ်းလွန်ရောင်ခြည်သည် အရေပြားကင်ဆာအထိပင် ဖြစ်ပွားနိုင်သဖြင့် ထိုဒေသ များရှိ ပြည်သူများသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို အထူးဂရုပြု ကာကွယ်သွားသင့်ပါသည်။
ခရမ်းလွန်ရောင်ခြည် ဘယ်နှမျိုးရှိသလဲ
ခရမ်းလွန်ရောင်ခြည် (Ultraviolet-UV) သည် လူသားတို့၏ သာမန်မျက်စိဖြင့် မမြင်နိုင်သော နေရောင် ခြည်မှ ဖြာထွက်လာသည့် လျှစ်စစ်ရောင်စဉ်လှိုင်းတစ်ခု ဖြစ်သည်။ အင်းဆက်ပိုးမွှားများနှင့်ငှက်များကဲ့သို့သော တိရစ္ဆာန်များသာလျှင် ၎င်းရောင်ခြည်ကို မြင်နိုင်ပေသည်။ ခရမ်းလွန်ရောင်ခြည်သည် မြင်နိုင်သည့် ခရမ်းရောင်ထက် လှိုင်းနှုန်း၊ အလျားနှင့်စွမ်းအင်တို့ ပိုမိုမြင့်မားလျက်ရှိသည်။ ၁၈၀၁ ခုနှစ်တွင် ဂျာမနီရူပဗေဒ ပညာရှင် Johann Wilhelm က ခရမ်းလွန်ရောင်ခြည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ခရမ်းလွန်ရောင်ခြည်ကို အခြေခံအားဖြင့် Ultraviolet A - UVA Ultraviolet B - UVB နှင့် Ultraviolet C -UVC တို့ကိုသာ လူသိများကြသည်။ ထို့အပြင် Near Ultraviolet - NUVI Middle Ultraviolet MUV Far Ultraviolet- FUVI Hydrogen Lyman-alpha-H lyman-ai Vacuum UltravioletVUV နှင့် Extreme Ultraviolet-EUV တို့ကိုလည်း တွေ့ရှိနိုင်ပါသည်။
အညွှန်းကိန်းမြင့်မားလေလေ
အန္တရာယ်ကြီးမားလေလေ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းကို အစိမ်း၊ အဝါ၊ လိမ္မော်၊ အနီနှင့် ခရမ်းရောင်ဟူ၍ ခွဲခြားထားသည်။ အစိမ်းရောင်သည် အညွှန်းကိန်း သုည မှ ၂ ဒသမ ၉ အထိ ရှိပြီး ခရမ်းလွန်ရောင်ခြည်ပါဝင်မှုနှုန်း နည်းပါးသည်။ ထိုအခြေအနေမျိုးတွင် ပြင်းထန်သည့်နေရောင်အောက် သို့ သွားလာမည်ဆိုပါက နေကာမျက်မှန်၊ နေပူခံခရင် နှင့် လိမ်းဆေးတို့ အသုံးပြုထားသင့်သည်။ အဝါရောင် သည် အညွှန်းကိန်း ၃ မှ ၅ ဒသမ၉ အထိရှိပြီး ခရမ်းလွန်ရောင်ခြည် အတန်အသင့်ပါဝင်လာပြီ ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် သတိထားရတော့မည် ဖြစ်သည်။ နေရောင်ခြည်အောက်သို့သွားလာမည်ဆိုလျှင် နေရောင်မထိအောင် လုံလုံခြုံခြုံဝတ်ဆင်သွားရန် လိုအပ်သည်။ အထူးသဖြင့် အပူချိန်မြင့်မားသည့် နေ့ခင်းဘက်တွင် အရိပ်အာဝါသ အောက်တွင်သာ နေထိုင်သင့်သည်။
လိမ္မော်ရောင်သည် အညွှန်းကိန်း ၆ မှ ၇ ဒသမ ၉ အထိရှိပြီး ခရမ်းလွန်ရောင်ခြည်ပါဝင်မှုနှုန်း မြင့်မားလာပြီ ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ခန္ဓာကိုယ်တစ်ခုလုံးကို နေရောင်ခြည်တိုက်ရိုက်ထိရောက်ခြင်းမှ ကာကွယ်နိုင် သည့် အဝတ်အစားများ ဝတ်ဆင်ခြင်း၊ နေကာမျက်မှန်တပ်ဆင်ခြင်း၊ ထီး၊ ဦးထုပ်များဆောင်းခြင်း၊ နေလောင်ဒဏ် ကာကွယ် သည့်ခရင် (Sun Protection Factor- SPF) များ ကြိုတင်သုံးစွဲခြင်း၊ နေရောင်ခြည်အောက်သို့ သွားလာခြင်းမျိုးကို | အတတ်နိုင်ဆုံး ရှောင်ရှားသွားရန် လိုအပ်လာပြီဖြစ်သည်။ အနီရောင်သည် အညွှန်းကိန်း ၈ မှ ၁၀ ဒသမ ၉ အထိရှိပြီး ခရမ်းလွန်ရောင်ခြည်ပါဝင်မှုနှုန်း အလွန်မြင့်မားလာပြီ ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် နေလောင်ဒဏ်ကာကွယ်သည့် ခရင်များသုံးစွဲခြင်း၊ နေရောင်ခြည်အကာအကွယ်ပေးသည့် အဝတ်အစားများ ဝတ်ဆင်ခြင်း၊ နေကာမျက်မှန်တပ်ဆင်ခြင်း၊ နေရောင်ခြည်ကာကွယ်နိုင်သည့် ဦးထုပ်နှင့် ထီးတို့ကို ဆောင်းခြင်း နှင့် နေရောင်ခြည်အောက်သို့ ကြာမြင့်စွာသွားလာခြင်းတို့ကို အထူးဂရုပြုရှောင်ရှားသွားရန် လိုအပ်သည်။
ခရမ်းရောင်သည် အညွှန်းကိန်း ၁၁ နှင့် အထက်ရှိပြီး ခရမ်းလွန်ရောင်ခြည်ပါဝင်မှုနှုန်း လွန်ကဲစွာမြင့်မားနေသည့် အန္တရာယ်ရှိသောအဆင့်ဖြစ်သည်။ အဘက်ဘက်မှသတိ ထားရမည့် အခြေအနေဖြစ်သည်။ ထိုအခြေအနေမျိုးတွင် နေလောင်ဒဏ်ခံခရင်များသုံးစွဲခြင်း၊ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ခြင်း၊ နေကာမျက်မှန် တပ်ဆင်ခြင်းနှင့် နေရောင်ခြည်အကာအကွယ်ပေးနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းခြင်း၊ အပူချိန်မြင့်မားသည့် မွန်းတည့်ချိန်နှင့် နေ့လယ်ပိုင်းတို့တွင် တတ်နိုင်ပါက နေရောင်ခြည်အောက်သို့ သွားလာခြင်းမျိုးကို လုံးဝ ရှောင်ကြဉ်သင့်ပါသည်။ ဆိုရလျှင် ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ကျရောက်ထိတွေ့ ခံရသူများသည် အသားအရေများ တဖြည်းဖြည်းညိုမည်း လာပြီး နေလောင်ဒဏ်ခံစားရမည် ဖြစ်သည်။ လွန်ကဲစွာ ကျရောက်ထိတွေ့ခံရပါက အရေပြားကင်ဆာဖြစ်ပွားသည် အထိခံစားရမည် ဖြစ်သည်။
ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ကာကွယ်ပေးသည့်အိုဇုန်းလွှာ
နေရောင်ခြည်မှဖြာထွက်လာသော ခရမ်းလွန်ရောင်ခြည် (Ultraviolet-UV) အား ရောင်ခြည်ဖြာထွက်မှု အလျား ကို အခြေခံလျက် UV-al UV-b နှင့် UV-c ဟူ၍ သုံးမျိုးခွဲခြားထားသည်။ အိုဇုန်းမော်လီကျူးများသည် သက်ရောက် မှုမတူညီသည့် ခရမ်းလွန်ရောင်ခြည်သုံးမျိုးအပေါ် မတူညီသော ရောင်ခြည်တန်းများဖြင့် တုံ့ပြန် ကာကွယ်ပေးသည်။ အထူးသဖြင့် ခရမ်းလွန်ရောင်ခြည် (UV-c) အပေါ် ထိရောက်စွာ တုံ့ပြန်နိုင်ပြီး ကမ္ဘာမြေပြင် အထက် မိုင် ၂ဝ ခန့်အကွာတွင် လုံးဝကာကွယ်ပေးနိုင်သည်။ အိုဇုန်းဓာတ်ငွေ့သည် ဒုတိယအမျိုးအစားဖြစ်သည့် ခရမ်းလွန် ရောင်ခြည် (UV-a) အပေါ်တွင် သက်ရောက်မှု အနည်းငယ် သာ ရှိသော်လည်း ၎င်းရောင်ခြည်သည် နေလောင်ခြင်း၊ သို့မဟုတ် မျိုးရိုးဗီဇပျက်စီးမှုကို တိုက်ရိုက်ဖြစ်ပွားမှု မရှိသဖြင့် လွန်စွာပူပန်စရာမလိုပေ။
သို့သော် ခရမ်းလွန်ရောင်ခြည် (UV-b) သည် ကမ္ဘာမြေပေါ်သို့ အဆိုးရွားဆုံးသက်ရောက်မှုရှိစေသည့် ရောင်ခြည် တစ်မျိုး ဖြစ်သည်။ လူခန္ဓာကိုယ်ပေါ်သို့ ၎င်း (UV-b) တိုက်ရိုက်ကျရောက်ပါက အရေပြားကင်ဆာ ကဲ့သို့သော DNA ပျက်စီးမှုများအား ပြင်းထန်စွာခံစားရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် အိုဇုန်းလွှာ သည် ခရမ်းလွန်ရောင်ခြည် (UV-b) အများစုကို ကာကွယ်ပေးထားပြီး အချို့သာလျှင် ကမ္ဘာမြေပေါ်သို့ ကျရောက် လျက်ရှိသည်။ ထို့ကြောင့် အိုဇုန်းလွှာပါးလွှာပျက်စီးမှု ကြီးမားလာမည်ဆိုလျှင် ကမ္ဘာမြေပေါ်သို့ (UV-b) ကျရောက်မှုအဆင့်လည်း မြင့်မားလာစေနိုင်ပါသည်။
ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိထားသွားစေလို
ယခုလို အပူချိန်ပြင်းထန်သည့်နွေရာသီတွင် ခရမ်း လွန်ရောင်ခြည်ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားရောင် ညိုမည်းလာခြင်းတို့ ဖြစ်စေနိုင်သည်။ ထိတွေ့မှုကာလ ကြာမြင့်လာသည့်အခါ မျက်စိ တိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြား ကင်ဆာဖြစ်ခြင်းစသည့် ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် နိုင်ငံသား တစ်ဦး တစ်ယောက်ချင်းစီအနေဖြင့် လုပ်ငန်းတာဝန်များဖြင့် အပြင်သို့ ထွက်ကြရမည်ဆိုလျှင်၊ အထူးသဖြင့် လက်လုပ်လက်စား ပြည်သူများအနေဖြင့် နေ့စဉ် စားဝတ်နေရေးအတွက် အပြင်သို့ထွက်ကြရမည်ဆိုလျှင်အောက်ပါအချက်များကို ဂရုပြုဆောင်ရွက်သွားသင့်ပေသည် -
(၁) နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခန့်အတွင်းတွင် နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြည်ခြင်း။
(၂) အပြင်ထွက်ရန်လိုအပ်ပါက မျက်နှာ၊ လည်ပင်းနှင့် ပခုံးတို့ပါလုံခြုံသော ထီး၊ ဦးထုပ်များ ဆောင်းသွားခြင်း။
(၃) နေရောင်ထိတွေ့နိုင်သည့်အသားရေများကို SPF 15+ ကြိုတင်လိမ်းသွားခြင်း။
(၄) နေကာမျက်မှန်တပ်၍ သွားလာခြင်း။
(၅) ချည်သားထူထူပွပွ အဝတ်အထည်များကိုဝတ်ဆင်ခြင်း။
(၆) သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအနေဖြင့် အထူးဂရုပြု ကာကွယ်ပေးခြင်း။
ဆိုရလျှင် လူသားတို့၏ပယောဂကြောင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များကို ခပ်စိပ်စိပ်ကြုံတွေ့နေရပြီ ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာကြီး တဖြည်းဖြည်း ပူနွေးလာမှုကြောင့် နွေရာသီတွင် အပူချိန်ပြင်းထန်လျက်ရှိသည်။ ထိုသို့ ပူပြင်းလွန်းလှသည့် နေရောင်ခြည်နှင့်အတူ ခရမ်းလွန် ရောင်ခြည်များ ပါလာလေ့ရှိသည်။ လူတစ်ဦးသည် အညွှန်းကိန်းမြင့်မားသည့် ခရမ်းလွန်ရောင်ခြည်များ ကြာမြင့်စွာ ကျရောက်ထိတွေ့ခံရပါက အသားရေများ နေလောင်ခြင်း၊ အရေပြားကင်ဆာ ဖြစ်ပွားခြင်း၊ အမြင်အာရုံ ချို့ယွင်းခြင်းတို့အပြင် သားသမီးရနိုင်မှု အလားအလာကိုလည်း ထိခိုက်စေနိုင်ပါသည်။
မည်သို့ပင် ဆိုစေကာမူ ယခုလို အပူချိန်ပြင်းထန် သည့် နွေရာသီတွင် ခရမ်းလွန်ရောင်ခြည် ကျရောက် ထိတွေ့မှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အပူဒဏ်ခံအဝတ်အစားများ ဝတ်ဆင်ခြင်း၊ နေကာ မျက်မှန်များ တပ်ဆင်ခြင်း၊ ဦးထုပ်နှင့် ထီးများ ဆောင်းခြင်း၊ နေလောင်ခံခရင်များ အသုံးပြုခြင်း၊ နေ့ခင်းဘက်တွင် အရိပ်အာဝါသကောင်းသည့် နေရာများတွင်သာ နေထိုင်ခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင် သွားစေလိုပါသည်။


