မြိတ် ၃၁ မေ
မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်များအား ငါးမဖမ်းရကာလနှင့်ငါးမဖမ်းရ ဧရိယာ သတ်မှတ်ခြင်းအပေါ် သယံဇာတထိန်းသိမ်းရေးနှင့် အနာဂတ်မျိုးဆက်များအတွက် လှေပိုင်ရှင်များနှင့် ရေလုပ်သားများ နားလည်လက်ခံလာကြကြောင်း သိရသည်။
ငါး/ပုစွန်သားပေါက်ဖွားသည့်ရာသီချိန်တွင် ငါးနှင့်သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာ့ ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်များအတွင်း ပြည်တွင်းပြည်ပ ကမ်းဝေးငါးဖမ်း ရေယာဉ်များ အား ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများတွင် ဇွန်လ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ငါးဖမ်း ဆီးခြင်းမပြုကြရန် ဧပြီလတွင် ငါးလုပ်ငန်းဦးစီးဌာနမှ တားမြစ်ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။
တနင်္သာရီတိုင်းအတွင်းတွင် ကမ်းဝေးငါးဖမ်းလှေအစီးရေ(၁၄၀ဝ)ကျော်ရှိပြီး မေလ(၃၁)ရက် နောက်ဆုံးထားပြီးဝင်ရန် ညွှန်ကြားထားသည့်အတွက် လှေအားလုံး ပြန်လည်ဝင်ရောက်လာကြကြောင်း၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း ချက်ပွိင့်တို့တွင် ပြန်ဝင်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ ငါးမဖမ်းရကာလကို ယခင်ကတစ်ကြိမ်ပိတ်ဖူးကြောင်း၊ ယခုနှစ်တွင် ငါးမဖမ်းရကာလနှင့်ငါးမဖမ်းဧရိယာသတ်မှတ်ရန် ရန်ကုန်နှင့် နေပြည်တော်တို့တွင် ပြုလုပ်သည့် အစည်းအဝေးများ၌ ရေလုပ်ငန်းရှင်များက နားလည်လက်ခံလာကြကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
တနင်္သာရီကမ်းရိုးတန်းသည် မြန်မာနိုင်ငံတောင်ဘက်ခြမ်းတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း (၃)ခုအနက် အရှည်ဆုံးကမ်းရိုးတန်း တစ်ခုဖြစ်၍ ကမ်းရိုးတန်း မိုင်၂၀ဝ (1200)km ရှည်လျားသည်။ ကမ်းရိုး တန်းရေပြင်တွင် ၂၀၁၈-၁၉ဘဏ္ဍာရေးနှစ် ဧပြီလအထိ မြိတ်အခြေပြု ကမ်းဝေးငါးဖမ်း လုပ်ငန်းလုပ်ကိုင်နေသည့် ရေယာဉ် ၁၂၀၂ စီးရှိကာ ကမ်းဝေးရေလုပ်သား(၂၀၉၈၇)ဦးဖြင့် ရေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ကမ်းရိုးတန်းရေပြင်တွင် ငါးသယံဇာတများကို ယခင်က မိရိုးဖလာဖမ်းဆီး စားသောက် ရောင်းချခြင်းများသာ ရှိခဲ့သည်။ ယနေ့အချိန်တွင် ခေတ်စနစ်များ ပြောင်းလဲလာပြီး နည်းပညာများတိုးတက်လာကာ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငါးသယံဇာတများကို ခေတ်မီနည်းပညာများဖြင့် ဖမ်းဆီးကြပြီး ပြည်တွင်း ပြည်ပ တင်ပို့ရောင်းချခြင်း၊ ရေပေါ်ရေအောက် ငါးသယံဇာတများ မွေးမြူထုတ်လုပ်ခြင်း၊ ပြည်ပပို့ကုန်များ အရည်အသွေးမြှင့်တင်ခြင်းများ ဆောင်ရွက်လာကြသည်။
တနင်္သာရီကမ်းရိုးတန်းရေပြင်တွင် အခြေပြုကမ်းဝေးငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသော ရေယာဉ်ပိုင်ရှင်များ၊ ကုမ္ပဏီများ၊ ရေလုပ်ငန်းရှင်များ၊ ဧဂျင့်များ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် အသင်းအဖွဲ့များအား “ ကမ်းဝေးရေယာဉ်များကို မေလ(၃၁)ရက် နောက်ဆုံးထား၍ ပြန်လည်ဝင်ရောက်ကြရန်နှင့် ငါးမဖမ်းရ ရာသီကာလအတွင်း ငါးဖမ်းဆီးသည်ကို စစ်ဆေးတွေ့ရှိရပါက ငါးလုပ်ငန်းဦးစီးဌာနမှ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည် ” ဟု အသိပေးအကြောင်းကြားထားကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


