နေပြည်တော်  ဒီဇင်ဘာ  ၂၁

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့သင်္ဘောကျင်း လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ပြည်တွင်း၊ ပြည်ပမှရေယာဉ်များတည်ဆောက်

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်နိုင်အေးတို့က မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ သမိုင်းအကျဉ်း၊ လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ပြည်တွင်း၊ ပြည်ပမှ ရေယာဉ်များကိုတည်ဆောက်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုသင်္ဘောကျင်းသည် နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ အစဉ်အလာကြီးမားသည့် သင်္ဘောကျင်း တစ်ခုဖြစ်ပြီး ရေကြောင်းပို့ဆောင်ရေး၏ သမိုင်းသစ်ကို အစပျိုးခဲ့ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံ၏ ရှည်လျားသည့် ကမ်းရိုးတန်းနယ်နိမိတ်နှင့် ရေပိုင်နက်နယ်နိမိတ်အတွင်း ရေကြောင်းသယ်ယူ ပို့ဆောင်ရေးနှင့် လုံခြုံရေးတို့အတွက် လိုအပ်သည့်ရေယာဉ်များကို တည်ဆောက်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ ရေကြောင်းပို့ဆောင်ရေးစနစ်သည် အကျိုးများစွာရှိသည့် ပို့ဆောင်ရေးစနစ်တစ်ခုပင် ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မီ သင်္ဘောကြီးများကို မြန်မာ့သင်္ဘောကျင်း လုပ်ငန်း၌ပင် တည်ဆောက်နိုင်ရမည်ဖြစ်ပြီး ရေကြောင်းပို့ဆောင်ရေး ပြန်လည်ဖွံ့ဖြိုးလာရေးအတွက် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ်းရိုးတန်းသွားသင်္ဘောများ၊ ငါးဖမ်းသင်္ဘောများ နှင့် အမြန်ရေယာဉ်များကို တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်း ဒေသတွင်းနိုင်ငံများသို့ သွားလာကူးသန်းပြီး ကုန်စည်များ ပို့ဆောင်နိုင်သည့် သင်္ဘောများ တည်ဆောက်ပြီး ရေကြောင်းပို့ဆောင်ရေးကို အဆင့်မြှင့်တင်နိုင်ရမည်ဖြစ်ကြောင်း၊ ကမ်းရိုးတန်းသွား Cruise Liner သင်္ဘောများကို တည်ဆောက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေး နိုင်ရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေယာဉ်တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ နှစ်ပေါင်း ၅၀ ကျော်ကြာ အတွေ့အကြုံ ရှိပြီးဖြစ်သဖြင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း အခန်းကဏ္ဍသစ်ကို ပြန်လည်စတင်ရမည်ဖြစ်ပြီး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းမှာကြားသည်။

 

လှည့်လည်ကြည့်ရှု

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့သင်္ဘောကျင်း လုပ်ငန်းအတွင်း လှည့်လည်ကြည့်ရှု၍ တန်ချိန် ၁၂၀၀၀ ရေလုံသင်္ဘောကျင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့ သင်္ဘောကျင်းလုပ်ငန်းမှ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်