နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းအားမြှင့်တင်ရန် အမျိုးသားစစ်မှုထမ်းစနစ်တွင်  ပါဝင်ထမ်းဆောင်

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အရေး (၃) ပါးသည် ပြည်ထောင်စုမြန်မာနိုင်ငံကြီး ထာဝရတည်ရှိ မြဲမြံစေရန်လိုအပ်သော အမျိုးသားအကျိုးစီးပွားပင်ဖြစ်သည်။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင် မိမိတို့ နိုင်ငံနှင့် သက်ဆိုင်သည့် အမျိုးသားအကျိုးစီးပွားတို့ ကိုယ်စီရှိကြပြီး အမျိုးသားအကျိုး စီးပွားထက် အရေးကြီးသည့် အရေးအရာသည် မရှိ။ အမျိုးသားအကျိုးစီးပွားထက် အရေးပါသည့် လုပ်ငန်းစဉ်သည်လည်း မရှိ။ အမျိုးသားအကျိုးစီးပွားနှင့် သက်ဆိုင်လာလျှင် နိုင်ငံသားတိုင်း ရှောင်လွှဲ၍မရ။ အသက်၊ သွေး၊ ချွေးတို့ ပေးဆပ်ကာ အမျိုးသားရေးတာဝန်အဖြစ် ကျေပွန်စွာ ပါဝင်ထမ်းဆောင်ကြရသည်သာ။

မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖြစ်သော ဒို့တာဝန်အရေး (၃) ပါးသည် အဓိက အနှစ်သာရအားဖြင့် စည်းလုံးညီညွတ်ရေးပင်ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွင်း မှီတင်းနေထိုင်ကြသူများအားလုံး စည်းလုံးညီညွတ်ရေး၊ ၁၃၅ မျိုးသော တိုင်းရင်းသားအားလုံးတို့ စည်းလုံးညီညွတ်ရေးသည် နိုင်ငံ၏ အသက်သွေးကြောပင်ဖြစ်သည်။ တစ်ခဲနက်သော စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံတော်ကို မိမိတို့၏ ဘိုးဘွားများက တည်ဆောက်ခဲ့ကြသလို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကာကွယ်စောင့်ရှောက်ထိန်းသိမ်းခဲ့ကြရသည်။ ယခုလည်း နိုင်ငံတွင် ဖြစ်‌ပေါ်နေသည့် အခြေအနေများက နိုင်ငံ၏ အမျိုးသား အကျိုးစီးပွား တစ်နည်းအားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ တည်ငြိမ်အေးချမ်းမှု၊ မြဲမြံခိုင်ခံ့စွာ တည်ရှိမှုတို့ကို ထိပါး လျက်ရှိနေပြီဖြစ်သည်။

ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒနှင့် အစွန်းရောက်လူမျိုးရေး စိတ်ဓာတ်လှုံ့ဆော်သွတ်သွင်းမှုများ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး မုန်းတီးစိတ် ဝင်လာစေရန် ဝါဒဖြန့်မှုများနှင့် လုပ်ကြံဖန်တီးမှုများ၊ လက်နက်အားကိုးဖြင့် ဒေသအလိုက် ဗိုလ်ကျကြီးစိုး ကိုယ်ကျိုးရှာမှုများ၊ ဘာသာသာသနာ ယဉ်ကျေးမှုများကို နှိမ့်ချဖျက်ဆီး စော်ကားမှုများစသည်ဖြင့် ပြည်တွင်းဒေသအများအပြားတွင် ဖြစ်ပေါ်နေသော အခြေအနေများက နိုင်ငံတော်ပြိုကွဲပျက်စီးစေမည့် လမ်းကြောင်းဆီသို့ တွန်းပို့လျက်ရှိသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အကြမ်းဖက် အဖျက်သမားပေါင်းစုံတို့က ရည်ရွယ်ချက် ကိုယ်စီ၊ အကျိုးစီးပွားကိုယ်စီဖြင့် နိုင်ငံကိုတစ်စစီဖြစ်အောင် ထုခွဲ ဖျက်ဆီးနေကြခြင်းပင် ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေး(၃)ပါးကို စောင့်ထိန်းရန် တာဝန်ရှိသည်နှင့်အညီ နိုင်ငံတော်ကိုကာကွယ်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန်အခြေအနေများ ဖြစ်ပေါ်နေခြင်းလည်း ဖြစ်သည်။

ပြည်သူလူထု၏ ဆန္ဒဖြစ်သော စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြန်လည်လျှောက်လှမ်းနိုင်ရန် ဦးစွာလိုအပ်ချက်မှာ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရရှိရေး ဖြစ်သည်။ တစ်ဖန်ပစ္စက္ခကာလ ကမ္ဘာ့နိုင်ငံရေးအခြေအနေများ၊ မိမိတို့နိုင်ငံ၏ ပထဝီ နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ ပြည်တွင်းအကြမ်းဖက်လှုပ်ရှားမှုများနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေအရပ်ရပ်တို့အရ နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ရန် လိုအပ်လာပြီဖြစ်ရာ နိုင်ငံသူ နိုင်ငံသားအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသား စစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြရန်နှင့် အားပေးထောက်ပံ့ ကူညီပံ့ပိုးကြရန် နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။

မြန်မာ့အလင်း