ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
နေပြည်တော် အောက်တိုဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများအား အသီးသီး ဆွေးနွေးတင်ပြ
ဦးစွာ ပြည်ထောင်စုဝန်ကြီးများက ဆွေးနွေးတင်ပြကြရာတွင် ဒေသအလိုက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိမှု၊ စိုက်ဧက၊ အထွက်နှုန်းများနှင့် ပတ်သက်၍ နှစ်အလိုက် နှိုင်းယှဉ်တွေ့ရှိချက်များ၊ စပါးသီးနှံနှင့် ချည်မျှင်ရှည်ဝါ အထွက်နှုန်းများ၏ ဖြစ်နိုင်ခြေဆန်းစစ်ချက်များ၊ ဒေသအလိုက် မြေနိမ့်ကော်ဖီဖြစ်ထွန်းအောင်မြင်မှုနှင့် တိုးချဲ့စိုက်ပျိုးနိုင်မှု၊ ဒေသအလိုက် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် လူဦးရေအရ အသား၊ ငါးနှင့် ဥအမျိုးမျိုး ဖူလုံမှု၊ ရေနက်ကွင်းဧရိယာများကို ငါးကန်တူးဖော်ပြီး သီးနှံစိုက်ပျိုးမြေဖော်ထုတ်၍ သီးနှံစိုက်ပျိုးခြင်းနှင့် ငါးမွေးမြူခြင်းကို ယှဉ်တွဲဆောင်ရွက်နိုင်မှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုတင်ပြချက်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစုများကို တောင်သူများ၏ လက်ဝယ်အရောက်ပေးအပ်ပြီး အသိပညာပေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များအား နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားအတွက် စနစ်တကျ ဖော်ထုတ်အသုံးပြုနိုင်ရန်လိုအပ်မှု၊ ၂၀၂၅-၂၀၂၆ ခုနှစ် အတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုပေးခဲ့မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခဲ့မှုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြရာတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အရှိန်အဟုန်ဖြင့် တိုက်ဖျက်ဆောင်ရွက်လျက်ရှိမှုနှင့် ဖော်ထုတ်ဖမ်းဆီးရမိမှု အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်အညီ မှန်မှန်ကန်ကန် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုအပ်မှု၊ လျာထားလုပ်ငန်းများအတွက် သာမန်ငွေလုံးငွေရင်းအသုံးစရိတ်များကို ခွင့်ပြုပေးခဲ့မှုနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများအပေါ် စိစစ်တင်ပြချက်များ၊ လုပ်ငန်းရပ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် ပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဆွေးနွေးတင်ပြကြရာတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အအုံများအား ပြုပြင်ဆောင်ရွက်လျက်ရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အလတ်စားနှင့် အငယ်စား (MSME) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် ဆောင်ရွက် လျက်ရှိမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ဘဏ္ဍာငွေသုံးစွဲမှုများ မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိဖြစ်စေရေး
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဆွေးနွေးမှာကြားရာတွင် ဘဏ္ဍာငွေသုံးစွဲမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် နိုင်ငံတော်ကခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများကို အကျိုးရှိရှိ အသုံးပြုသွားရန်လိုကြောင်း၊ လုပ်ငန်းရပ်များအလိုက် ငွေကြေးသုံးစွဲမှုများကို ဆောင်ရွက်သွားမည်ဆိုပါက လည်ပတ်သုံးစွဲငွေ မြင့်တက်လာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက် ခြင်းဖြင့် အခြေခံလူတန်းစားများအနေဖြင့် တစ်ဦးချင်းဝင်ငွေတိုးပွားလာမည်ဖြစ်ပြီး စားရေး၊ ဝတ်ရေးတို့တွင် သုံးစွဲငွေများ မြင့်တက်လာမည်ဖြစ်ကာ လူမှုစီးပွားများသည်လည်း တိုးတက်မြင့်မားလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ငွေကြေးလည်ပတ်မှုများ ပိုမိုဖြစ်ပေါ်လာစေပြီး ဝယ်လိုအားနှင့် ရောင်းလိုအားများ ကောင်းမွန်လာမည်ဖြစ်ကာ အခြေခံအဆောက်အအုံများ ပိုမိုဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဘဏ္ဍာငွေသုံးစွဲမှုများကို မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိ အသုံးချဆောင်ရွက်သွားကြရန်လိုကြောင်း။
ထို့ပြင် ခွင့်ပြုငွေများအလိုက် အချိန်တိုအတွင်း၌ နိုင်ငံတော်နှင့် အများပြည်သူတို့အတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် Quick Win လုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး
ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နည်းလမ်းမျိုးစုံဖြင့် မဲမသမာမှုများပြုလုပ်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ယူခဲ့ရသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်မှုမရှိစေရေး Myanmar Electronic Voting Machine (MEVM) ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ MEVM စက်များသည် မဲမသမာမှု မည်ကဲ့သို့မျှ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ မှန်ကန်သည့် ရွေးကောက်ပွဲ၊ မဲမသမာမှုမရှိသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး မဲစာရင်းများ မှန်ကန်မှုရှိရေးသည် အဓိကကျကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မဲစာရင်းများပြုစုရာတွင် အမှားအယွင်းမရှိစေရေး၊ မဲမသမာမှုများမရှိစေရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ ယနေ့မှစ၍ မဲဆွယ်စည်းရုံးမှုကာလ စတင်မည်ဖြစ်ပြီး ပါတီများအလိုက် မဲဆွယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ကြတော့မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးပြီး တည်ငြိမ်သည့်အစိုးရတစ်ရပ် ထွက်ပေါ်လာစေရေး မျှော်မှန်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးနှင့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ နိုင်ငံ့စီးပွားမြှင့်တင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံလူဦးရေ၏ တစ်ဝက်ကျော်ခန့်သည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME ကုန်ထုတ်လုပ်ငန်းများကို အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့သော စိုက်ပျိုးရေးလုပ်ငန်းများမှရရှိသည့် စက်မှုကုန်ကြမ်းထွက်ကုန်များဖြင့် MSME လုပ်ငန်းများသာမက စက်မှုကုန်ထုတ် လုပ်ငန်းကြီးများကိုလည်း လုပ်ဆောင်နိုင်ကြောင်း၊ ဥပမာအားဖြင့် ရော်ဘာစိုက်ပျိုးမှုမှ အစပြုသည့် တာယာထုတ်လုပ်ခြင်းကဲ့သို့သော ကုန်ထုတ်စက်မှုလုပ်ငန်းကြီးများ၊ ဝါစိုက်ပျိုးမှုမှ အစပြုသည့် ချည်မျှင်နှင့် အထည်အလိပ်ထုတ်လုပ်ခြင်းကဲ့သို့သော စက်မှုလုပ်ငန်းကြီးများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး မိမိတို့အနေဖြင့် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ပေးခြင်းပင် ဖြစ်ကြောင်း၊ ကျေးလက်စီးပွားရေးကို မြှင့်တင်ပေးမှသာ နိုင်ငံ့စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ဆန်သီးနှံအပါအဝင် အခြားသီးနှံများကို အရည်အသွေးမြင့်စွာဖြင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်၍ ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကိုလည်း ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ပြည်တွင်းဆီလိုအပ်ချက်ရှိခြင်းကြောင့် ဆီထွက်သီးနှံစိုက်ပျိုးမှုများကို အားပေးဆောင်ရွက်လျက်ရှိသော်လည်း ပြည်ပမှစားသုံးဆီများကို တင်သွင်းနေရဆဲဖြစ်ကြောင်း၊ ဆီထွက်သီးနှံ နှမ်းနှင့် မြေပဲစိုက်ပျိုးမှုများရှိသော်လည်း မိရိုးဖလာ စားသုံးမှုနှင့် ပြည်ပတင်ပို့မှုများကြောင့် ပြည်တွင်းဆီဖူလုံမှုအတွက် လိုအပ်ချက်များ ရှိနေသေးကြောင်း၊ နေကြာစိုက်ပျိုးခြင်းဖြင့် ပြည်တွင်းဆီဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ပြီး ပြည်ပမှဆီတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးကဏ္ဍတွင် ကော်ဖီသည် နှစ်ရှည်သီးနှံဖြစ်ပြီး မိမိတို့နိုင်ငံမှ ထွက်ရှိသည့် အာရေးဗီးကားကော်ဖီသည် ကမ္ဘာပေါ်တွင် နာမည်ကောင်းရရှိပြီးဖြစ်ပြီး ဈေးကွက်ရရှိပြီးဖြစ်ကြောင်း၊ မြေနိမ့်ကော်ဖီ ရိုဘက်စတာကိုလည်း နိုင်ငံအနှံ့စိုက်ပျိုးနိုင်ကြောင်း၊ ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်၍ နှစ်ရှည်ဝင်ငွေရသည့် သီးနှံအဖြစ် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ငရုတ်ကောင်းကဲ့သို့ ဥယျာဉ်သီးနှံများကိုလည်း စိုက်ပျိုး၍ရရှိနိုင်ကြောင်း၊ စိုက်ပျိုးတောင်သူများကိုလည်း လိုအပ်သည့် အသိပညာပေးမှုများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း မိမိတို့ဒေသအလိုက် ပိုင်ဆိုင်ထားသည့် အရင်းအမြစ်များကို ကောင်းမွန်အကျိုးရှိစွာ အသုံးချနိုင်ရေး လေ့လာဆန်းစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်နှင့် ဒေသအတွက် အကျိုးရှိနိုင်မည့် လုပ်ငန်းရပ်များကို ဆောင်ရွက်သွားနိုင်ရေး ရှုထောင့်ပေါင်းစုံမှကြည့်၍ ဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ အသက် ၂၅ နှစ်အထက် လူဦးရေ၏ ၄၆ ရာခိုင်နှုန်းခန့်သည် ပညာရေးအားနည်းသဖြင့် ပညာရေးကို အလေးပေးမြှင့်တင်ဆောင်ရွက်သွားရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ပြီး ပညာရေးအားကောင်းလာမှသာလျှင် လူသားအရင်းအမြစ် ကောင်းများကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သည့် ကျောင်းသား ကျောင်းသူများ များစွာရှိကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယခုအချိန်အထိ ကာလအတွင်း၌ပင် တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့ပြီး အောင်မြင်ခြင်းမရှိခဲ့သူ လူဦးရေ ငါးသန်းခန့်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတော်အတွက် မည်ကဲ့သို့ အသုံးချနိုင်မည်ကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင် ဝင်ရောက်နိုင်သည့် Polytechnic ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကွန်ပျူတာနှင့် နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုရှိခဲ့ပြီး အကျိုးရလဒ်များကို တွေ့မြင်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးနှင့်ပတ်သက်ပါက ရေရှည်အနာဂတ်အကျိုးကို ကြည့်၍ စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အများစုအနေဖြင့် အလယ်တန်းအဆင့်တွင်ပင် ပညာရေးဆုံးခန်းတိုင်မှုများလည်း ရှိနေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာသင် အထက်တန်းကျောင်းများကို ဖွင့်လှစ်နိုင်ရေးစီမံဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် အောင်မြင်မှုများ အထိုက်အလျောက်ရရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ရေးနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အလေးထား ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ ပြည်သူလူထုနှင့်သက်ဆိုင်သည့်နေရာများ၊ အားကစားကွင်းများ အဆင့်မီမီဖြစ်ပေါ်လာစေရေး
မြို့သာယာလှပရေးနှင့်ပတ်သက်၍ မြို့ပြတိုးချဲ့ တည်ဆောက်မှုစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မြို့ကွက်များ တိုးချဲ့ဆောင်ရွက်ခြင်းအတွက် ရေ၊ မီး၊ လမ်းနှင့် အခြေခံအဆောက်အအုံစသည်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရကြောင်း၊ ထို့ကြောင့် အချို့နေရာများတွင် မြေနေရာကို တန်ဖိုးရှိစွာ အသုံးချနိုင်ရေး၊ အဆင့်မီအိမ်ရာ၊ တိုက်ခန်းများ ဆောက်လုပ်ပေးခြင်းဖြင့် မြို့ပြအဆင့်အတန်းမြှင့်တင်ခြင်းက ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း၊ မြို့ကွက်သစ်များ ဖော်ဆောင်ထားသည်နှင့်အညီ အမှန်တကယ် အဆောက်အအုံများနှင့် နေထိုင်သူများ ဖြစ်ပေါ်လာရန်လည်းလိုကြောင်း၊ မြို့သာယာလှပရေးနှင့် ပတ်သက်၍ ချမှတ်ထားသည့် စည်ပင်သာယာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်ရန်လိုပြီး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လည်းလိုကြောင်း၊ စည်ပင်သာယာရေးဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မိမိတို့ကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်သည်များကို တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားရန်လိုအပ်ကြောင်း။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှုနှင့်အတူ မြို့နေပြည်သူလူထုတို့အတွက် အပန်းဖြေအနားယူရန် နေရာများ၊ ပြည်သူလူထုနှင့်သက်ဆိုင်သည့် နေရာများကိုလည်း ဖော်ဆောင်ပေးသွားရန်လိုကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များအလိုက်၌လည်း ပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်မည့်နေရာများ၊ အားကစားပွဲများ ကျင်းပနိုင်မည့်နေရာများကိုလည်း ဖော်ဆောင်ပေးထားရမည်ဖြစ်ကြောင်း၊ ထို့ပြင် အခြေခံပညာကျောင်းများ၌လည်း သင့်လျော်သည့် အားကစားကွင်းများရှိစေရေး၊ စာသင်ကျောင်းနှင့်ကိုက်ညီသည့် အခြေခံအဆောက်အအုံများ ပြည့်မီမှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက်ရှိ လူဦးရေနေထိုင်မှုများပြားသည့် မြို့နယ်များ၌ မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်းများကို မိမိတို့အနေဖြင့် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် မိုးလုံလေလုံ အားကစားရုံများ၊ မိုးလုံလေလုံရေကူးကန်များကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်အနေဖြင့် ပိုင်ဆိုင်ထားပြီးဖြစ်သည့် အားကစားကွင်းများကို ပျက်စီးမှုမရှိစေရေးနှင့် အဆင့်မီမီ ကစားနိုင်ရေး ထိန်းသိမ်းရမည်ဖြစ်သကဲ့သို့ လိုအပ်နေသည့် အားကစားကွင်းများကိုလည်း သတ်မှတ်ချက်များနှင့်အညီ တင်ပြတောင်းခံသွားရန်လိုကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လူဦးရေ တစ်သိန်းကျော်ခန့် နေထိုင်လျက်ရှိသည့် မြို့များ၌ ပြည်သူလူထုကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍမြှင့်တင်ရေးအတွက် အဆင့်မီအားကစားကွင်းများ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အစိုးရအဖွဲ့များအနေဖြင့် မိမိတို့ဦးဆောင်အုပ်ချုပ်ရသည့် ပြည်နယ်နှင့် ဒေသများကို ကိုယ်စားပြုခြင်းဖြစ်ပြီး မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲမပြတ် စဉ်းစားဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍနှင့်ဆက်စပ်၍ လာမည့် ဒီဇင်ဘာလသည် အားကစားလဖြစ်ပြီး လူထုအားကစားပွဲများ၊ လူထုလမ်းလျှောက်ပွဲများတွင် ပြည်သူလူထု တစ်ရပ်လုံးပါဝင်မှုရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိအနေဖြင့် နိုင်ငံတော်အတွက် အကျိုးဖြစ်စေ နိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့တာဝန်ယူထားရသည့် ကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်သည်မှန်သမျှကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကရင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကို ပေးအပ်ချီးမြှင့်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်


