ဟားခါး ၂၁ ဖေဖော်ဝါရီ
နိုင်ငံတော်သမ္မတသည် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ မြို့တော်ခန်းမ၌ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တာဝန်ရှိသည့်ပုဂ္ဂိုလ် အားလုံးက တက်ညီလက်ညီ သန္နိဌာန်ချ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါ အစိုးရအဖွဲ့တစ်ဖွဲ့တည်းဖြင့် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရာတွင် ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးတွင်လည်း တာဝန်ရှိကြပါကြောင်း။
မိမိတို့နိုင်ငံသည် ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို စတင်၍ ခြေလှမ်းနေကြခြင်းဖြစ်ပါကြောင်း၊ တစ်ချို့မှာ ပြုပြင်ပြောင်းလဲရေးအတွက် စိုးရိမ်ခြင်းများရှိပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် ရန်သူမဟုတ်ပါကြောင်း၊ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားများအတွက် အခွင့်အခါကောင်း၊ အခွင့်အလမ်းကောင်း ဖြစ်သည်ကို ဌာနဆိုင်ရာ အသီးသီးက သိရှိစေလိုပါကြောင်း။
အများအားဖြင့် နိုင်ငံသူ နိုင်ငံသားများ ထင်မြင်ကြသည်မှာ အစိုးရအဖွဲ့ပြောင်းပါက ပြုပြင်ပြောင်းလဲမှုဖြစ်သည်ဟု ထင်ကြပါကြောင်း၊ အမှန်တကယ်မှာ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲခြင်း ပြုလုပ်ရုံသာမက အဆင့်ဆင့်သော ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးက လိုက်ပါပြောင်းလဲရမည် ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံသူနိုင်ငံသားများကလည်း မိမိတို့၏ပြုပြင်ပြောင်းလဲလိုသည့် စိတ်ဓာတ်များ၊ ခံယူချက်များကို ပြောင်းလဲနိုင်မှ ပြုပြင်ပြောင်းလဲမှုဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် အစိုးရ၊ လွှတ်တော်နှင့် ကျန်သည့် ဌာနဆိုင်ရာအားလုံး တက်ညီလက်ညီ ပြောင်းလဲကြရမည်ဖြစ်ပါကြောင်း။
ဒီမိုကရေစီတွင် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သာတူညီမျှမှုများ ရှိပါကြောင်း၊ ဒီမိုကရေစီသည် နိုင်ငံသူနိုင်ငံသားများအတွက် လုံခြုံစိတ်ချမှုရှိသည့်အပြင် ပျော်ရွှင် ချမ်းမြေ့စေမှု စသည့်အခွင့်အရေးများ ရှိပါကြောင်း၊ မိမိတို့ နိုင်ငံသည် ပြည်ထောင်စု နိုင်ငံ ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအားလုံး မပါဘဲ ပြည်ထောင်စုဟုပြော၍ မရပါကြောင်း၊ တိုင်းရင်းသားများ အားလုံးပါဝင်မှသာ ပြည်ထောင်စုဟု ပြောနိုင်ပါကြောင်း၊ တိုင်းရင်းသားပြည်သူများအားလုံး တန်းတူညီမျှသည့် အခွင့်အရေးများရရှိရန်၊ ဖက်ဒရယ် အခွင့်အရေးများရရှိရန်၊ ဒီမိုကရေစီ အခွင့်အရေးများရရှိရန်၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်း အခွင့်အရေးများရရှိရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ထို့သို့ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်သည် အဓိကကျပါကြောင်း၊ အုပ်ချုပ်ရေးအပိုင်းတွင် မိမိတို့ နိုင်ငံသူနိုင်ငံသားများအပေါ် တရားဥပဒေစိုးမိုးသည့် အုပ်ချုပ်ရေးစနစ် ဖြစ်စေလိုပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ ကိုယ်လုံခြုံမှု၊ စိတ်လုံခြုံမှု၊ ပျော်ရွှင်ချမ်းမြေ့မှုပေးသည့် စီမံခန့်ခွဲသည့် ယန္တရားတစ်ခု ဖြစ်စေလိုပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများကို ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်မှုမျိုး မဖြစ်စေလိုပါကြောင်း။
ယင်းသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၏ ရည်ရွယ်ချက်များဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးအနေဖြင့် တရားမျှတ၍ ကိုယ်ချင်းစာတရားနှင့်အညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တရားမျှတသည့် လူ့အဖွဲ့အစည်းဖြစ်မှသာ ဒီမိုကရေစီတည်တံ့ခိုင်မြဲမည်ဖြစ်ပါကြောင်း။
ထို့အတူ ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့်လည်း တရားမျှတသည့် ဥပဒေများ ဖြစ်စေရန်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို သွားမည်ဆိုပါက ဒီမိုကရေစီကျင့်စဉ်များ ပါဝင်သည့် ဥပဒေပြုရေးဖြစ်စေရန်၊ ဖက်ဒရယ်စနစ်များ ပါဝင်သည့် ဥပဒေပြုရေးဖြစ်စေရန် ဥပဒေပြုရေးမဏ္ဍိုင်က ပြဋ္ဌာန်းပေးရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွက် လိုအပ်သည့်ဥပဒေများကို မှန်မှန်ကန်ကန် ပြဋ္ဌာန်းပေးနိုင်မှသာ အဆိုပါဥပဒေနှင့်အညီ အုပ်ချုပ်ရေးမဏ္ဍိုင်က အုပ်ချုပ်မည်ဖြစ်ပါကြောင်း၊ ယခင်ဥပဒေအတိုင်းသာ တည်ရှိနေပါက စီမံခန့်ခွဲသည့် အုပ်ချုပ်ရေး အပိုင်းတွင်လည်း ယခင်အတိုင်းပင် ဖြစ်နေမည် ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့ ဟန်ချက်ညီရန် ဂရုစိုက်စေလိုပါကြောင်း။
တရားစီရင်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ လွတ်လပ်သော တရားစီရင်ရေးဖြစ်ရန် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံပုဒ်မ ၁၁(က)အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍ တစ်ခုနှင့်တစ်ခု ဝင်စွက်ဖက်၍ မရပါကြောင်း၊ တရားသူကြီး၏ ဆင်ခြင်တုံတရားအရ ဆုံးဖြတ်ဆောင်ရွက်ချက် မှန်ကန်မှု၊ မျှတမှု ရှိ မရှိကိုသာ အုပ်ချုပ်ရေးပိုင်းနှင့် ဥပဒေပြုရေးပိုင်းက အပြန်အလှန် ထိန်းကျောင်းပေးရမည်သာ ဖြစ်ပါကြောင်း။
အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲသည့် ပေါ်လစီကို အကောင်အထည်ဖော်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များသည် အဓိကကျပြီး အကောင်အထည်ဖော် ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်နှင့် အနာဂတ်မျိုးဆက်သစ်များ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအသီးအပွင့်များကို ခံစားနိုင်အောင် လက်တွေ့ ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
နိုင်ငံဝန်ထမ်းများအနေဖြင့် ပေးအပ်သည့် တာဝန်အပေါ် ကျေပွန်စွာ တာဝန်ထမ်းဆောင်ရန် လိုအပ်ပြီး ပြည်သူကိုဗဟိုပြုသည့် ဝန်ဆောင်မှု ကောင်းကောင်းပေးရမည်ဖြစ်ကြောင်း၊ အခြေခံစိတ်ထားမှာ ပြည်သူက မိမိတို့ကို နိုင်ငံ့တာဝန်ထမ်းဆောင်ရန် ပြည်သူ့ အခွန်ဘဏ္ဍာများနှင့် လစဉ်ချီးမြှင့်ငွေ ပေးထားခြင်းဖြစ်သည်ဟု သဘောပေါက်ရန် လိုအပ်ပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အပေါ် သစ္စာရှိ၍ နိုင်ငံတော်၏ ကျေးဇူးတရားကို သိရှိကာ ပြဋ္ဌာန်းထားသော နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရမည် ဖြစ်ပါကြောင်း၊ ထိုသို့ လေးစားလိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်းများ တိုးပွားလာပါက နိုင်ငံလည်းကောင်းမည်ဖြစ်ပါကြောင်း။
ပြည်နယ်အစိုးရအနေဖြင့် စီမံကိန်းတစ်ခု ဖော်ဆောင်မည်ဆိုပါက ယင်းစီမံကိန်းသည် မိမိဒေသအတွက် အကျိုး ရှိ/မရှိနှင့် အမှန်တကယ် လိုအပ်မှု ရှိ/မရှိ၊ စီမံကိန်း ဖြစ်နိုင်ခြေ ရှိ၊ မရှိတို့ကို စဉ်းစားတွက်ချက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ စဉ်းစားရာတွင် လွှတ်တော်ပိုင်းက စီမံကိန်းတစ်ခု၏ ငွေကြေးကုန်ကျမှု၊ ဒေသပေါက်ဈေး စသည်တို့ကို စစ်ဆေးရမည့်အပြင် စာရင်းစစ်အပိုင်းကလည်း ပြည်သူ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိစေရန် ကြည့်ရှုရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အမှန်တကယ် လိုအပ်၍ လုပ်ဆောင်ရပါက အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင် ဆောင်ရွက်ရမည့်အပြင် အမှန်တကယ် ကုန်ကျစရိတ်မှ ပိုလျှံသည်များကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို ကိုင်တွယ်သုံးစွဲရာ၌ ခြိုးခြိုးခြံခြံဖြင့် စနစ်တကျ သုံးစွဲရမည်ဖြစ်ပါကြောင်း။
မူးယစ်ဆေးဝါးပြဿနာမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ကြိုးပမ်းဆောင်ရွက်မှုများ ရှိပါကြောင်း၊ မူးယစ်ဆေးဝါးကိစ္စများတွင် တချို့က မသိချင်ယောင်ဆောင်၍ မျက်နှာလွှဲထားသည် များရှိပါကြောင်း၊ ဖမ်းဆီးရမည်ကို မဖမ်းဆီးဘဲထားခြင်း၊ အရေးယူရမည်ကို အရေးမယူဘဲထားခြင်း စသည့်ကိစ္စများ တွေ့ရှိလာပါက တိတိကျကျ အရေးယူသွားမည်ဖြစ်ပါကြောင်း။
တရားစီရင်ရေးကို ပြန်လည်တည့်မတ်ရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှ ဒီမိုကရေစီ တည်တံ့ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများအားလုံး တရားဥပဒေရှေ့မှောက်၌ ညီတူညီမျှဖြစ်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ တရားဥပဒေ၏ အရိပ်အာဝါသကို နိုင်ငံသူ၊ နိုင်ငံသားတိုင်း ခံစားရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှု ရှိမှသာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးများသည် ချိတ်ဆက်နေပါကြောင်း၊ တစ်ခုချိုးဖောက်လျှင် အခြားတစ်ခုလည်း ချိုးဖောက်ခံရမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတစ်ခု၊ မူဝါဒ တစ်ခုချမှတ်ပါက ပြည်နယ်အစိုးရ အနေဖြင့် ယင်းလုပ်ငန်းစဉ် မည်မျှပြီးစီးသည်ကို မျက်ခြေမပြတ် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းစဉ်၏ လိုအပ်ချက်များကို ဌာနဆိုင်ရာအဖွဲ့အစည်းများအား ပြုပြင်ခြင်း၊ ညွှန်ပြသင့်သည်များကို ညွှန်ပြခြင်းများ၊ ကြီးကြပ်ကွပ်ကဲခြင်းတို့ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲက လွှတ်တော်ရေးရာလုပ်ငန်း ဆောင်ရွက်မှုများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်က တရားလွှတ်တော်ရေးရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် မဖွံ့ဖြိုးသေးသည့် ဒေသများနှင့် တိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဦးစားပေး ဆောင်ရွက်ပေးနေပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဖလမ်းမြို့နယ် (ဆူရ်ဘုန်) လေယာဉ်ကွင်း တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိကြရာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်နှင့် ညွှန်ကြားရေးမှူး ဦးကျော်စိုးတို့က (ဆူရ်ဘုန်) လေယာဉ်ကွင်းဆိုင်ရာ အချက်အလက်များ၊ မြေသားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပြီးစီးမှု၊ အရည်အသွေးကောင်းမွန်စေရန် ကြီးကြပ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း၊ ယခုတည်ဆောက်လျက်ရှိသည့် (ဆူရ်ဘုန်) လေယာဉ်ကွင်းမှာ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ချိန်အတွင်း စီမံကိန်းလုပ်ငန်းများ ပြီးစီးစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဖလမ်းမြို့နယ်(ဆူရ်ဘုန်) လေယာဉ်ကွင်း စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေဖြတ်ခြင်းနှင့် တောင်ဖြိုခြင်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့နှင့် မြေထိန်းနံရံ တည်ဆောက်လျက်ရှိသည့်နေရာများကို လှည့်လည်ကြည့်ရှုသည်။
ဖလမ်းမြို့နယ်(ဆူရ်ဘုန်) လေယာဉ်ကွင်း တည်ဆောက်ခြင်းဖြင့် တောင်တန်းထူထပ် ပေါများသော ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေပြီး လူမှုရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးကိစ္စများ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းနှင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းဖြင့် ချင်းပြည်နယ် ဒေသဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရပါသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် (ဆူရ်ဘုန်)လေယာဉ်ကွင်းမှ ကလေးမြို့သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် တပ်မတော်အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။
(သတင်းစဉ်)


