ဟားခါး ၂၁ ဖေဖော်ဝါရီ 

 

ချင်းပြည်နယ် ဟားခါးမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုနှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် အိပ်မက်တော်ရ သစ္စာအောင်မြေကုန်းတော် ဇေတဝန် တောရကျောင်းတိုက်အတွင်း တည်ထားလျက်ရှိသည့် နဝင်းပြည့်ဆုတောင်းပြည့် လာဘ်ပေးရန်ကာ နဂါးရုံဘုရားကြီး၏ ဌာပနာတော်သွင်း မဟာမင်္ဂလာအခမ်းအနားကို တက်ရောက်ကြည်ညိုပြီး ဓာတ်တော်မွေတော်၊ ဗုဒ္ဓရုပ်ပွားဌာပနာတော်များ ဆက်ကပ်လှူဒါန်းသည်။

 

mdn

 

အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက မဟာဗောဓိမြိုင်ရိပ်သာ ကျောင်းတိုက်ဆရာတော်  မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ ပညာဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသည့် ဂုဏ်တော်ကိုးပါးပဋိတော်များကို နာယူကာ လာဘ်ပေးရန်ကာ မုဒြာနဂါးရုံဘုရားကြီးတွင် သွင်းလှူပူဇော်မည့် ဓာတ်တော်မွေတော် ဗုဒ္ဓရုပ်ပွား ဌာပနာတော်များနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ချင်းတောင်တန်း သာသနာပြု ဆရာတော် ဒေါက်တာ ဘဒ္ဒန္တတေဇောသာရထံ ဆက်ကပ်လှူဒါန်းသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ချင်းတောင်တန်းသာသနာပြု ဆရာတော် ဒေါက်တာဘဒ္ဒန္တ တေဇောသာရ ဟောကြားသည့် အနုမောဒနာတရား နာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေသည်။ 

 


(သတင်းစဉ်)