နေပြည်တော် အောက်တိုဘာ ၂၅
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းလေဆိပ်သို့ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ဒေသခံပြည်သူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌လည်းကောင်း၊ မြို့နယ်လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများအား မြို့တော်ခန်းမ၌လည်းကောင်း တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်ဝန်ကြီးချုပ်က ကိုကိုးကျွန်းဒေသ၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရမှ ကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်နှင့်အညီ ဒေသခံများအနေဖြင့်လည်း ပိုမိုတိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိဒေသမှ ထွက်ရှိသည့် အုန်းနှင့် အုန်းထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် ဒေသတွင်ထွက်ရှိသော သရက်၊ နာနတ် ကဲ့သို့သော သီးနှံများကို ရေရှည်ခံတန်ဖိုးမြင့် value added ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
ဒေသဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်
ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ယခင်ကတည်းကပင် မြို့လယ်လမ်းတစ်လျှောက် အုတ်တံတိုင်းများ ကာရံခြင်း၊ မြို့ပတ်ကတ္တရာလမ်းခင်းခြင်း၊ သင်္ဘောဆိပ် ခံတံတား တည်ဆောက်ခြင်း၊ လေယာဉ်ကွင်း တိုးချဲ့ခြင်း၊ ရုပ်သံလိုင်းများရရှိအောင်ဆောင်ရွက်ခြင်း၊ အသားတိုးနွားမျိုး မွေးမြူမှုများဆောင်ရွက်ခြင်း၊ ဆက်သွယ်မှုအဆင်ပြေစေရေးအတွက် တယ်လီဖုန်းလိုင်းများတပ်ဆင်ခြင်းတို့ကို နိုင်ငံတော်အကြီးအကဲမှ ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ဒေသခံများ ၏ အသက်မွေးဝမ်းကျောင်းအတွက် အုန်းသီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများ၊ အိမ်တွင်းမှုသင်တန်းများနှင့် စက်ချုပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုကိုးကျွန်းမြို့နေ ပြည်သူများ ဒေသဆန်ဖူလုံရေးအတွက် လယ်မြေ၊ ကုန်းမြင့်လယ်မြေများ ဖော်ထုတ်ရန် စီစဉ်ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေရရှိရေးအတွက် လျှိုပိတ်ဆည်များ၊ ချောင်းပိတ်၊ မြောင်းပိတ် တမံအသေးစားများ ဆောင်ရွက်ပေးနိုင်ရေး၊ အရည် အသွေးကောင်းမွန်သော ကိုကိုးပင်များ၊ အုန်းမျိုးများနှင့် ဝါးပင်များ စိုက်ပျိုးနိုင်ရေးအတွက် မြေနေရာ ရွေးချယ်ဖော်ထုတ်ပြီး ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရေး၊ သက်တမ်းရင့် အုန်းပင်များ အစားထိုးလဲလှယ်စိုက်ပျိုးရန် ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် တစ်နိုင်တစ်ပိုင် ကြက်၊ ဝက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုကိုးကျွန်းမြို့နယ်အား ဒေသဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း။
အောင်ချက်မြင့်မားစေရေးဆောင်ရွက်
ထို့ပြင် ကိုကိုးကျွန်းမြို့နေ ကျောင်းသားများ ပညာရေးနှင့်ပတ်သက်၍ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း တန်းစဉ်ကူးပြောင်းရာတွင် အောင်ချက်မြင့်မားစေရေး ကျောင်းသား၊ မိဘ၊ ဆရာ ပူးပေါင်း၍ စည်းရုံးဆောင်ရွက်ကြစေလိုကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စနစ်တကျဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိ မြို့ဖများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ၊ စိုက်ပျိုးရေးမျိုးစေ့များ၊ သုတရသ စာအုပ်စာစောင်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် MRTV DTH Set Top Box များ၊ လှူဒါန်းပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာသနမဏ္ဍိုင် ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုကိုးကျွန်း နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးလျက်ရှိမှုအခြေအနေနှင့် ဒေသတွင်း သောက်သုံးရေရရှိရေး၊ ဒေသခံပြည်သူများအတွက် ရာသီမရွေး ရေချိုဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေ ရရှိရေးအတွက် ဆည်တမံတည်ဆောက်မည့် နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


