ရန်ကုန် အောက်တိုဘာ ၃၀

 

Project Show (2025) & Job Fair ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မှော်ဘီ)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းနှင့် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ စိတ်ပါဝင်စားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ Project Show (2025) & Job Fair ဖွင့်ပွဲ အခမ်းအနားကို နည်းပညာတက္ကသိုလ် (မှော်ဘီ)ပါမောက္ခချုပ် ဒေါက်တာကေသီလွင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်များ၏ ဘဝအတွက် အလွန်တန်ဖိုးရှိပြီး လုပ်ငန်းရှင်များအတွက်လည်း ဝန်ထမ်းကောင်း၊ ဝန်ထမ်းသစ်များနှင့် တွေ့ဆုံနိုင်မည့် Public – Private - Partnership PPP Model ကောင်း တစ်ခုဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ နည်းပညာတက္ကသိုလ် (မှော်ဘီ) ပါမောက္ခချုပ် ဒေါက်တာကေသီလွင်က လက်ခံရယူသည်။

 

လှည့်လည်ကြည့်ရှု

ယင်းနောက် နည်းပညာတက္ကသိုလ်(မှော်ဘီ) ပါမောက္ခချုပ် ဒေါက်တာကေသီလွင်က ပြပွဲ၊ ပြိုင်ပွဲများ အကြောင်းကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ကျောင်းသား ကျောင်းသူများ ၏ Project များအား လှည့်လည်ကြည့်ရှု အားပေးသည်။

 

အဆိုပါ Project Show (2025) & Job Fair အခမ်းအနားကို အောက်တိုဘာ ၃၀ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များ၊ Drum Seeder များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာ ကြဲပက်စိုက်ပျိုးပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာအုပ်စု ရင်းတိုက်ကွင်း (၂)တောင်သူ ဦးဝင်းကြိုင်၏လယ်တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက် အမှာစကား ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တောင်သူများအား Drum Seeder များနှင့် နေကြာမျိုးစေ့များကို ပေးအပ်ကြပြီးပြသထားသည့် စပါးမျိုးစေ့နမူနာများ၊ Drum Seeder များ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး အနိမ့်တင် ဆိုလာနှစ်ချပ်တွဲ ရေတင်စက်များနှင့် ကောက်စိုက် စက်များ၊ ဓာတ်မြေဩဇာများ၊ မိုးစပါးစံကွက်ကို ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုနှင့် ရိတ်သိမ်းပြီး လယ်ကွက်အတွင်း စက်မှုလယ်ယာဦးစီးဌာနက ကောက်ရိုးထုံးစက်ဖြင့် ကောက်ရိုးထုံးများ ဆောင်ရွက်နေမှုများ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက် စိုက်ပျိုးနေမှုများနှင့် စိုက်ပျိုးရေးသုံး ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ယနေ့ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် တောင်သူ ဦးဝင်းကြိုင်၏လယ်ကို ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးတင်း အခြောက်ထွက်နှုန်း ၉၇ ဒသမ ၄၉ တင်း ထွက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)