ညောင်ဦး အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် (၃၇) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် စုပေါင်းသွေးလှူဒါန်း ခြင်းကို ယမန်နေ့က ဆောင်ရွက်သည်။
ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် ဝန်ထမ်းများက ပုဂံမြို့ဟောင်းရှိ အာနန္ဒာ မြတ်စွာဘုရားကြီး အတွင်းအပြင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။
ယင်းနောက် ခုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီး၌ ညောင်ဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက သွေးလှူဒါန်းရာ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖီးကြမ်းငှက်ပျောဖီးများ၊ ကြက်ဥများ၊ အချိုရည်ဘူးများကို ဝန်ထမ်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း


