ညောင်ဦး ၂၂ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၃)နယ်မြေ ဇေယျဝတီရပ်ကွက်တွင် ယနေ့မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်က လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်က ညောင်ဦးမြို့၊ အမှတ်(၃)နယ်မြေ ဇေယျဝတီရပ်ကွက်နေ ဦးကျော်ဌေး နေအိမ်တွင် ဟင်းချက်ဒယ်နီဖြင့် ဟင်းချက်အပြီး မီးပလပ်ကြိုးအား မဖြုတ်မိပဲထားခဲ့ရာမှ လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး အနီးရှိ နေအိမ် ထရံအကာအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် နှစ်စီးတို့ဖြင့် သွားရောက်ပြီး ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဦးကျော်ဌေး ပိုင်ဆိုင်သော (၁၅ ပေ × ၁၅ ပေ) ထန်းရွက်မိုး၊ ထရံကာ မြေစိုက်လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ လျှပ်စစ်မီးအား ပေါ့ဆစွာ အသုံးပြုသူ ဦးကျော်ဌေးအား ညောင်ဦးမြို့နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


