နတ်တလင်း ၂၁ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ နိုင်ငံခြားဆေးဝါးများ ရောင်းချနေသော ဆိုင်များ၏ ဆေးဝါးရောင်းချခွင့်လိုင်စင်နှင့် တားမြစ်ဆေးဝါးများ ရောင်းချခြင်း မရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြသည်။
ပဲခူးတိုင်း ဒေသကြီးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြတ်မိုးကြည်နှင့် ဝန်ထမ်းများ နတ်တလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေမီထွန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးစိုးရွှေ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများလိုက်ပါလျက် ပေါက်တုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျေးရွာလူထုအား အသိပညာပေးဟောပြောသည်။
ဆက်လက်၍ ဒမငယ်ကျေးရွာဈေးသို့ ရောက်ရှိပြီး ဈေးအတွင်း ရောင်းချနေသော မုန့်ဆိုင်များနှင့် ဆေးဆိုင်များကိုလည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် နတ်တလင်းမြို့ပေါ်ရှိ နိုင်ငံခြားဆေးဝါးရောင်းချသော ဆေးဆိုင်များကိုလည်းကောင်း လိုက်လံစစ်ဆေးကြပြီး တာပွန်မြို့သို့ သွားရောက်၍ ဆေးဝါးပစ္စည်းရောင်းချသော ဆိုင်များကို ဆက်လက်စစ်ဆေးခဲ့ကြောင်း မြို့နယ် (ပြန်/ဆက်)မှ သိရသည်။
MDN


