နှင်းမြတ်သူ(ယဉ်ကျေးမှု)

 

နိဒါန်း
“ယဉ်ကျေးမှုရေးရာ သံခင်းတမန်ခင်း”အား နိုင်ငံတစ်နိုင်ငံက ၎င်း၏နိုင်ငံခြားရေးရာမူဝါဒရည်မှန်းချက် (သို့မဟုတ်) ၎င်း၏သံတမန်ရေးရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်ရန်အတွက် လက်ခံကျင့်သုံးသော သံတမန်ရေးရာကိစ္စရပ်ပင်ဖြစ်ကြောင်း အလွယ်ကူဆုံး အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ နိုင်ငံများသည် ပဋိပက္ခများကို ကာကွယ်ရန်၊ ယဉ်ကျေးမှုများ ပုံစံသွတ်သွင်းခံရခြင်းနှင့် မိမိယဉ်ကျေးမှုကိုသာ ဗဟိုပြု၍ စံသတ်မှတ်ထားခြင်းကို တားဆီးရန်၊ အပြန်အလှန်နားလည်မှုတိုးမြှင့်ရန်တို့ကို ရည်ရွယ် ပြီး ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းကို ရာစုနှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်လာခဲ့ကြပါသည်။ “ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်း”ဆိုသည်မှာ ယခုအချိန်မှသာ ပေါ်ပေါက်လာသော ဝေါဟာရနှင့် ဆောင်ရွက်ချက်မဟုတ်ဘဲ သမိုင်းရှည်ကြာစွာ ဆောင်ရွက်ခဲ့ကြသော အထောက်အထားများလည်းရှိပါသည်။ နယ်မြေသစ်များကို စူးစမ်းရှာဖွေ သူများ၊ ခရီးသွားလာသူများ၊ ကုန်သွယ်သူများ၊ သင်ကြားပြသသူများနှင့် အနုပညာရှင်များသည် ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းကို ဆောင်ရွက်သူများအဖြစ် သတ်မှတ် ရမည်ဖြစ်ပါသည်။ အကျဉ်းအားဖြင့်ဆိုရပါမူ အနုပညာ၊ အားကစား၊ စာပေ၊ ဂီတ၊ သိပ္ပံ၊ ကုန်သွယ်ရေး၊ စီးပွားရေးဆိုင်ရာနယ်ပယ်များနှင့် အခြားနယ်ပယ်များတွင် ပြင်ပမှ မတူညီ သော ယဉ်ကျေးမှုများနှင့် ထိတွေ့ကူးလူးဆက်ဆံရသူ/ဆက်ဆံခဲ့သူ မည်သူမဆိုကို ယဉ်ကျေးမှုရေးရာသံတမန်များအဖြစ် သတ်မှတ်နိုင်ပါသည်။


ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းနှင့် ၎င်း၏အရေးပါပုံ

“ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်း”သည် လူသား များအကြား မတူညီသော အတွေးအခေါ် အယူအဆများ၊ တန်ဖိုးထားသတ်မှတ်မှုများ၊ ရိုးရာဓလေ့ထုံးစံများကို အကျိုးရှိရှိ ဖလှယ်အသုံးချခြင်း၊ ဆက်ဆံရေးများကို အားဖြည့်မြှင့်တင်ခြင်း၊ လူမှုရေး-ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေခြင်းနှင့် တိုင်းပြည်၏ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ခြင်း တို့အတွက် ဆောင်ရွက်သော လုပ်ငန်းစဉ်ပင်ဖြစ်ပါသည်။
ယနေ့ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် “ယဉ်ကျေး မှုရေးရာ သံခင်းတမန်ခင်း”သည် ကမ္ဘာတစ်ဝန်းတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန်အတွက် အဓိက အရေးပါသော အရာဖြစ်လာပါသည်။ လူမှုအဖွဲ့ အစည်း အလွှာအသီးသီးတွင် ယဉ်ကျေးမှုရေးရာ သံခင်း တမန်ခင်းကို လက်ခံကျင့်သုံးပါက အဆိုပါ ယဉ်ကျေးမှု ရေးရာဆိုင်ရာ ကိစ္စရပ်များသည် လူထုအမြင်ကိုလွှမ်းမိုးနိုင်သည့် တစ်မူထူးခြားသော စွမ်းရည်အဖြစ် ဖြစ်ပေါ်လာ ပြီး လူတစ်ဦး တစ်ယောက်ချင်းစီမှစ၍ လူမှုအဖွဲ့အစည်း များ၊ ယဉ်ကျေးမှုများ၏ အတွေးအမြင်စနစ်များကို ပြောင်းလဲလာစေပါသည်။ ထိုသို့ပြောင်းလဲလာရာတွင် အောက်ပါအဓိကအချက် ငါးချက်ကို တွေးခေါ် ဆင်ခြင် တတ်လာစေရန်နှင့် အဆင့်ဆင့်ကျင့်သုံး အကောင်အထည် ဖော်ဆောင်လာစေရန် အထောက်အကူပြုလာပါသည်-


(၁) မတူကွဲပြားသော ယဉ်ကျေးမှုများနှင့် အမွေ အနှစ်များကို အသိအမှတ်ပြုခြင်းနှင့် တန်ဖိုး ထားလေးစားခြင်းများ၊

(၂) ကမ္ဘာလုံးဆိုင်ရာ မတူကွဲပြားသော ယဉ်ကျေးမှု ရေးရာ ဆွေးနွေးမှုများ၊

(၃) တရားမျှတမှုများ၊ ညီညွတ်မျှတမှုများ၊ အပြန် အလှန် မှီခိုအားထားမှုများ၊

(၄) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကာကွယ် မှုများ၊

(၅) ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးများ။

အဆိုပါအချက်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက် လျက်ရှိပြီး ပထမအချက်ဖြစ်သော မတူကွဲပြားသည့် ယဉ်ကျေးမှုများနှင့် အမွေအနှစ်များကို အသိအမှတ် ပြုခြင်းနှင့် တန်ဖိုးထားလေးစားခြင်းကို သိရှိနားလည် အကောင်အထည်ဖော်ပြီးပါက ထိုမှတစ်ဆင့် ဒုတိယ အချက်၊ တတိယအချက်နှင့် စတုတ္ထအချက်စသည်ဖြင့် အဆင့်ဆင့် ဖော်ဆောင်နိုင်မည်ဖြစ်ကာ နောက်ဆုံးအဆင့် ဖြစ်သော ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး များကို ဖော်ဆောင်နိုင်ရန် အထောက်အကူပြုမည် ဖြစ်ပါသည်။


နူးညံ့သောစွမ်းအား(သို့မဟုတ်)
ယဉ်ကျေးမှုရေးရာ သံခင်းတမန်ခင်း

ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး များတွင် အသုံးပြုလေ့ရှိသော စွမ်းအား နှစ်မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ ခိုင်မာတောင့်တင်းသော ရုပ်ပိုင်းဆိုင်ရာ စွမ်းအား (Hard Power) ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ နူးညံ့ သောစွမ်းအား (Soft Power) ပင်ဖြစ်ပါသည်။ ယခင်ရာစု နှစ်များအလွန်က နိုင်ငံအချင်းချင်းဆက်ဆံရေးတွင် ခိုင်မာတောင့်တင်းသော ရုပ်ပိုင်းဆိုင်ရာစွမ်းအား (Hard Power) အဖြစ် စစ်ရေး၊ စီးပွားရေး အစရှိသော အင်အား များကို အသုံးပြုပြီး လွှမ်းမိုးချုပ်ကိုင်ခဲ့ကြသော်လည်း ယနေ့ခေတ်တွင် အဆိုပါနှစ်ရပ်အနက် နူးညံ့သော စွမ်းအား(Soft Power) ကို အထူးအလေးထားအသုံးပြု လာကြပါသည်။ နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးဖြစ်သူ Prof. Joseph S. Nye က နူးညံ့သောစွမ်းအား(Soft Power) ကို (Hard Power) နှင့် ခွဲခြားပြီး အဓိပ္ပာယ်ဖွင့်ဆို ရာတွင် နူးညံ့သောစွမ်းအား(Soft Power) သည် ခိုင်မာ တောင့်တင်းသည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအား (Hard Power) ကဲ့သို့ စစ်ရေးအင်အား၊ စီးပွားရေးအင်အားဖြင့် အနိုင်ယူ ခြင်း (သို့မဟုတ်) အကျပ်ကိုင် လွှမ်းမိုးခြင်းမျိုးမဟုတ်ဘဲ ယဉ်ကျေးမှုတန်ဖိုးနှင့် အတွေးအခေါ်များမှတစ်ဆင့် ဆွဲဆောင်သိမ်းသွင်းနိုင်သည့် စွမ်းအင်ပင်ဖြစ်သည်ဟု ဖွင့်ဆိုခဲ့ပါသည်။

သို့ဖြစ်ရာ ယနေ့ခေတ်တွင် နိုင်ငံများသည် ၎င်းတို့၏ အမျိုးသားရေး လက္ခဏာပုံရိပ်တို့ကို အပြည့်အဝဖော်ထုတ် မိတ်ဆက်ပြသနိုင်ရန် “ယဉ်ကျေးမှုရေးရာ သံခင်း တမန်ခင်း”ကို နူးညံ့သော စွမ်းအား(Soft Power) အဖြစ် အသားပေး ဆောင်ရွက်လာကြပါသည်။ ကမ္ဘာ့နိုင်ငံတိုင်း အားလုံးလိုလိုသည် “ယဉ်ကျေးမှုရေးရာ သံခင်းတမန်ခင်း” ကို မိမိတို့ ကိုယ်ပိုင်နည်းလမ်းများဖြင့် ဖော်ထုတ်မိတ်ဆက် လျက်ရှိပြီး နိုင်ငံအချင်းချင်း ချစ်ကြည်ရေး တည်တံ့ခိုင်မြဲ စေရန်နှင့် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာ များကို အခြားနိုင်ငံများနှင့် မတူညီသော လူမှုအဖွဲ့ အစည်းတို့က လေးစားတန်ဖိုးထားလာကြစေရန် ဆောင်ရွက်လာကြ နေပါသည်။ ယနေ့ခေတ်ကာလတွင် နူးညံ့သော စွမ်းအား (Soft Power)သည် ခိုင်မာ တောင့်တင်းသည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအား(Hard Power) ထက် ပိုမိုအားကောင်းလာသည်ကိုတော့ ငြင်းဆိုမရသည့် အချက်ပင်ဖြစ်ပါသည်။

“ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်း”၊
၎င်း၏အမျိုးအစား စံသတ်မှတ်မှု သီအိုရီနှင့်

၎င်းကိုယ်တိုင် ဖြစ်ထွန်းလာသော ယဉ်ကျေးမှု

ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်း၏ သဘောတရား များသည် အမျိုးအစားစံသတ်မှတ်မှု သီအိုရီ သို့မဟုတ် စံသတ်မှတ်မှုအား စီမံခန့်ခွဲမှုနှင့် ရောယှက်လျက်ရှိနေ ပါသေးသည်။ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အခန်း ကဏ္ဍသည် ကမ္ဘာ့နိုင်ငံများစွာအတွက် ၎င်းတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု စရိုက်လက္ခဏာများ၏ စံသတ်မှတ်မှုများကို ဖော်ထုတ်မြှင့်တင်ရာ၌ အရေးပါသည့် ဦးဆောင်ကဏ္ဍ တစ်ရပ်အဖြစ် ပါဝင်လာပါသည်။ နိုင်ငံများသည် ၎င်းတို့၏ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များနှင့် အနုပညာရပ် များကို ပြင်ပနိုင်ငံများသို့ ဖော်ထုတ်ပြသခြင်းဖြင့် ၎င်းတို့ သည် မည်သို့သော လူမှုအဖွဲ့အစည်းဖြစ်သည်ကို ကမ္ဘာသို့ ပြသနိုင်သော အခွင့်အရေးများ ရှိလာမည်ဖြစ်ပါသည်။ တစ်နည်းဆိုသော် မိမိနိုင်ငံ၏ ကောင်းမွန်သော ပုံရိပ်ကို တည်ဆောင်နိုင်မည်ဖြစ်ကာ အဆိုပါနိုင်ငံက ဖော်ဆောင် မည့် နိုင်ငံတကာဆက်ဆံရေး၏ ရည်ရွည်ချက်များလည်း ပိုမိုအောင်မြင်လာနိုင်မည်ဖြစ်ပါသည်။ ယင်းသို့သော အခြေခံအကြောင်းတရားကြောင့် ယဉ်ကျေးမှုရေးရာ သံခင်းတမန်ခင်းသည် ကမ္ဘာ့နိုင်ငံအသီးသီးက အသိ အမှတ်ပြုသုံးစွဲလာသော ယဉ်ကျေးမှုတစ်ခုအဖြစ် ၎င်းကိုယ်တိုင် ဖြစ်ထွန်းလာခဲ့ပြန်ပါသေးသည်။


ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်း၏ အမျိုးအစားများ

ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်း၏ အမျိုးအစား များစွာရှိပါသည်။ ၎င်းတို့အနက် ဥပမာအနေဖြင့် တင်ပြရ ပါမူ နိုင်ငံများအကြား ချုပ်ဆိုသော ယဉ်ကျေးမှုဆိုင်ရာ နားလည်မှု စာချွန်လွှာများ၊ ညီအစ်မမြို့တော် သဘော တူညီမှုများ၊ ပညာတော်သင်ထောက်ပံ့မှုများ၊ ပညာရေး ဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများ၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများ၊ ဘာသာ စကား သင်ကြားသင်ယူမှုများ၊ ရိုးရာအစားအစာများ၊ ရုပ်ရှင်နှင့် စာပေပွဲတော်များ၊ အနုပညာလက်ရာ ခင်းကျင်း ပြသပွဲများနှင့် အားကစားပြိုင်ပွဲများ အစရှိသည့် လုပ်ဆောင်ချက်များပင် ဖြစ်ပါသည်။ ထို့အပြင် လူငယ် ဖလှယ်ရေးအစီအစဉ်များ၊ ယဉ်ကျေးမှု ဖျော်ဖြေပွဲများ နှင့် အခြားသော ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်းသည်လည်း အပါအဝင်ဖြစ်ပါသည်။ အဆိုပါကိစ္စရပ်များကို ရှုမြင်ခြင်းအားဖြင့် အင်အားကြီး နိုင်ငံများသည် အထက်ဖော်ပြပါ ကိစ္စရပ်များတွင် ဘဏ္ဍာငွေများစွာသုံးစွဲပြီး ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာများကို ပြည်ပနိုင်ငံများတွင် မိတ်ဆက်ကာ မြှင့်တင်နိုင်ရေး ဆောင်ရွက်လာကြပါသည်။ သို့ဖြစ်ရာ ယဉ်ကျေးမှုရေးရာ သံခင်းတမန်ခင်းသည် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာရပ်တည်ချက်အတွက် နိုင်ငံ ၏ ယဉ်ကျေးမှုအား ဒိုင်းသဖွယ် အကာအကွယ်ပြုကာ ရှေ့ဆက်ဖော်ဆောင်သော နိုင်ငံရေးဆောင်ရွက်ချက် တစ်ရပ်အဖြစ်လည်း ရှုမြင်နိုင်ပါသည်။ ဤအခြေခံ အကြောင်းတရားအရ “ယဉ်ကျေးမှုရေးရာ သံခင်း တမန်ခင်း” သည် နိုင်ငံရေး၊ စီးပွားရေးရာ သံခင်းတမန်ခင်း ၏ ဆင့်ပွားအရာမဟုတ်ဘဲ ယင်းတို့အတွက် မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်း လေ့လာတွေ့ရှိနိုင်ပါသည်။


ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းမှ
ယူဆောင်ပေးလာသော အရာများ

ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းကို ဆောင်ရွက် ခြင်းဖြင့် မတူညီသော ယဉ်ကျေးမှုများကို ပိုင်ဆိုင်ထား သော လူမှုအဖွဲ့အစည်းများအကြား အပြန်အလှန် နားလည်ယုံကြည်မှုနှင့် လေးစားမှုတို့ကို ယူဆောင်လာ ပေးနိုင်ပါသည်။ ဥပမာအားဖြင့် တင်ပြရပါမူ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လက်ရာပစ္စည်းတစ်ခုကို အခြားနိုင်ငံတွင် မိတ်ဆက်ခင်းကျင်းပြသခြင်းအားဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းတန်ဖိုးမြင့်မားမှုကို အဆိုပါနိုင်ငံမှ ပြည်သူများ သိမြင်နားလည်သဘောပေါက်လာပြီး မိမိတို့ နိုင်ငံ၏ ယဉ်ကျေးမှုများကို အထင်ကြီးလေးစား လာစေခြင်းအားဖြင့် အပြန်အလှန်လေးစားတန်ဖိုးထား တတ်သော စိတ်ထားကို ဖန်တီးဖော်ထုတ်နိုင်မည် ဖြစ်ပါသည်။
သို့ဖြစ်ရာ ယဉ်ကျေးမှုရေးရာကို တိုးတက်ပြန့်ပွား အောင် ဆောင်ရွက်နေကြသော သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့နိုင်ငံသားများ အတွက် အမျိုးသားရေးစိတ်ဓာတ်ဆိုင်ရာ အသိပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များအား ထင်ရှားခိုင်မာ သော မှတ်တိုင်များအဖြစ် တည်ဆောက်ပေးရန်၊ မိမိတို့ လူမှုအဖွဲ့အစည်းတစ်ရပ်၏ အတွေးအမြင်များ ထည့်သွင်း၊ ပါဝင်နေသော ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်ဆောင်ရွက် မှုများဖြစ်သည့် ယဉ်ကျေးမှုရေးရာ သံခင်းတမန်ခင်းကို ဒေသတွင်းနှင့် ဒေသပြင်ပနေရာများတွင်ပါ တိုးမြှင့် ဆောင်ရွက်ရန်၊ မိမိနိုင်ငံ၏ ဂုဏ်သတင်းကို တိုးမြှင့်နိုင်ရေး ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံမှ ထောက်ပံ့ကူညီပေးရန် တာဝန်ရှိပါသည်။ ထို့အပြင် မိမိတို့နိုင်ငံ၏ ဖြစ်ပေါ်တိုးတက် နေမှုများကို ဖော်ထုတ်ပြသနိုင်မည့် အနုပညာလက်ရာ များကို ဖန်တီးထုတ်လုပ်ပြီး ကမ္ဘာအရပ်ရပ်မှ နိုင်ငံများနှင့် ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ အပြန်အလှန်ရင်းနှီးချစ်ကြည်မှုများ တည်ဆောက်ကြရန် လည်း အထူးလိုအပ်လှပါသည်။
ယနေ့ခေတ်အချိန်အခါတွင် ယဉ်ကျေးမှုရေးရာ သံခင်းတမန်ခင်းသည် အထူးအရေးပါသော ကဏ္ဍတစ်ရပ် ဖြစ်လာပြီး နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်ချက် ကို ကိုယ်စားပြု ဖော်ပြလာနိုင်ပြီဖြစ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း နိုင်ငံသားတိုင်းသည် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်ချက်ကို ကိုယ်တိုင်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်နိုင်သည် ဖြစ်ပါ၍ အားလုံး အတူတကွပူးပေါင်းကာ ပြည်သူတစ်ရပ်လုံးက ပိုမိုပါဝင် လာနိုင်စေရန် ယဉ်ကျေးမှုရေးရာ သံခင်းတမန်ခင်း၏ သဘောသဘာဝများကို လက်ဆင့်ကမ်းမျှဝေပေးနိုင်ရန်လည်း လိုအပ်လှပါသည်။ သို့မှသာ မိမိတို့၏ စည်းလုံး ညီညွတ်မှုများ၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မျိုးချစ် စိတ်ဓာတ်များ ဦးစွာရှင်သန်လာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် နိုင်ငံတကာ ယဉ်ကျေးမှုများနှင့် နားလည်ယုံကြည်မှုရှိစွာ အပြန်အလှန်ဖလှယ်နိုင်ကြမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ယနေ့ခေတ်တွင် မိမိတို့ ဦးတည်သွားရမည့် လမ်းကြောင်း ကို ထင်ရှားစွာသိမြင်နေကြပြီ ဖြစ်ပါ၍ တစ်ဦးတစ်ယောက် ချင်းစီက မိမိတို့နိုင်ငံအား ကိုယ်စားပြုဖော်ပြနိုင်ရေး အတွက် ဖြစ်နိုင်ခြေရှိသော အကောင်းဆုံးနည်းလမ်းများ ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။ ။