နေပြည်တော် ၁၀ မတ်
မြင်းခြံမြို့မရဲစခန်းသို့ နယ်သာလန် နိုင်ငံသား Mr. Willen Griffioen ရောက်ရှိ လာပြီး ၎င်းသည် ဆိုင်ကယ်ဖြင့် မန္တလေးမှ ညောင်ဦးမြို့သို့ထွက်ခွာလာစဉ် လမ်း၌ မတ် ၆ ရက် ည ၁၁ နာရီခန့်တွင် ဆိုင်ကယ်နောက်တွင်တင်ဆောင်လာသည့် Passport စာအုပ်တစ်အုပ်၊ Small Drone၊ ကင်မရာတစ်လုံး၊ အညိုရောင် ပိုက်ဆံ အိတ်တစ်လုံး၊ ဒေါ်လာ (၂၀ဝ)နှင့် ထိုင်းဘတ်ငွေများပါ ခရီးဆောင် အိတ်တစ်လုံး ကျပျောက်ခဲ့ကြောင်း အကြောင်းကြားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာရဲစခန်းများသို့ ဆက်သွယ်အကြောင်းကြားပြီး ချိတ်ဆက်ရှာဖွေ ဆောင်ရွက်နေစဉ် မတ်လ ၇ ရက်နေ့တွင် တောင်သာမြို့နယ်၊ မင်းကြိုကျေးရွာနေ ကိုအောင်ကျော်ဦး (၃၂)နှစ်သည် မြင်းခြံ-ညောင်ဦးကားလမ်းပေါ်မှ နိုင်ငံခြားသား၏ ခရီးဆောင်အိတ်တစ်လုံး ကောက်ရ ထားကြောင်း ရဲစခန်းသို့ အကြောင်းကြားလာသဖြင့် သွားရောက် စစ်ဆေးခဲ့ရာ နယ်သာလန် နိုင်ငံသား Mr. Willen Griffioen ၏ ပစ္စည်းများဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ နယ်သာလန်နိုင်ငံသားအား ဆက်သွယ်ခဲ့ရာ မတ်လ ၈ ရက်နေ့တွင် မြင်းခြံမြို့မ ရဲစခန်းသို့ ရောက်ရှိလာသဖြင့် ၎င်း၏ပစ္စည်းများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောင်းဝင်း၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ရဲရန်အောင်၊ ကောက်ယူ သိမ်းဆည်း ပေးထားသည့် ကိုအောင်ကျော်ဦးတို့က သက်သေများရှေ့တွင် ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)


