၈ နိုဝင်ဘာ
အမေရိကန်နိုင်ငံက ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကနေ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ကယ် ဘလွန်းဘတ်ခ် လည်း ပြင်ဆင်နေပြီလို့ အမေရိကန်သတင်းဌာနတွေက မနေ့က သတင်းရေးသားထားပါတယ်။
အသက် ၇၇ နှစ်အရွယ် ဘလွန်းဘတ်ခ်ဟာ ဒီတပတ်အတွင်း အနည်းဆုံး ပြည်နယ်တစ်ခုမှာ သူ့ကိုယ်သူ သမ္မတလောင်း ရွေးချယ်ခံမယ့်သူအဖြစ် ကြေညာရမှာဖြစ်ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြင်ဆင်ရမှာ ဖြစ်တယ်လို့ The New York Times အပါအဝင် အမေရိကန်သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။
ဘလွန်းဘတ်ခ်မီဒီယာ အပါအဝင်အခြားလုပ်ငန်းများစွာပိုင်ဆိုင်တဲ့ ဘီလီယံနာသူဌေးကြီး က ပြီးခဲ့တဲ့ မတ်လအထိ သမ္မတလောင်းအဖြစ် ရွေးချယ်ခံဖို့ မစဉ်းစားခဲ့ပေမယ့် ထရန့်ကို အနိုင်ရဖို့ လုပ်ဆောင်ရမယ်။ လက်ရှိ သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေက ထရန့်ကို အနိုင်ယူဖို့ အားနည်းတယ်။ ရှေ့ကပြေးနေတဲ့ ဂျိုး ဘိုင်ဒန်ကလည်း အားနည်းပြီး ဆန်ဒရား နဲ့ ဝါရန် ကလည်း မနိုင်နိုင်ဘူးလို့ ထင်မြင်ကြောင်း ဘလွန်းဘတ်ရဲ့ပြောခွင့်ရသူက ပြောပါတယ်။
မိုက်ကယ်ဘလွန်းဘတ်ခ်ဟာ အမေရိကန်နိုင်ငံမှာ ချမ်းသာဆုံးသူတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဘလွန်းဘတ်ခ်ဟာ ပညာရေး၊ ဆေးပညာနဲ့ တခြားကိစ္စရပ်များအတွက် အလှူငွေ အမေရိကန်ဒေါ်လာ သန်းချီပြီး လှူဒါန်းသူဖြစ်ပါတယ်။ ဘလွန်းဘတ်ဟာ မူလက ဒီမိုကရက်ပါတီဝင်တစ်ဦးဖြစ်ပေမယ့် ၂၀ဝ၁ ခုနှစ်မှာ ရီပက်ပလစ်ကန်ပါတီ ကနေ နယူးယောက်မြို့တော်ဝန် အဖြစ် ၂၀၁၂ ခုနှစ်အထိ ၃ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကတော့ ဒီမိုကရက်ပါတီကို ပြန်လည် ဝင်ရောက်သူဖြစ်ပါတယ်။ ဘလွန်းဘတ်ခ်ဟာ အလယ်အလတ်လမ်းစဉ်လိုက်တဲ့ ဒီမိုကရက်တစ်ဦး ဖြစ်ပြီး ရာသီဥတုပြောင်းလဲခြင်းဟာ အဓိက ဖြေရှင်းရမယ့် အကြောင်းအရာအဖြစ်တယ် ထင်မြင်သူဖြစ်ပါတယ်။
MDN
ကိုးကား - AFP


