ပဲခူး ၁၂ မတ်
ပဲခူးဆေးရုံကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို မတ်လ ၁၁ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ ခုတင်(၅၀ဝ)ဆံ့ပြည်သူ့ဆေးရုံကြီး အစည်း အဝေးခန်းမတွင် ကျင်းပရာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေနှင့် ဆေးရုံ အထောက် အကူပြုကော်မတီ ဥက္ကဋ္ဌတို့က အမှာစကား ပြောကြားခဲ့ကြကာ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တည်ဆောက်ရေးကုမ္ပဏီများ၊ အရည်အသွေးစစ်ဆေးရေးကုမ္ပဏီများကလည်း မိမိတို့၏ လိုအပ်ချက်များကိုရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနနှင့် ပဲခူးဆေးရုံကြီးမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ ကလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပူးပေါင်း ဆောင်ရွက်သွားကာ စေတနာထား ဆောင်ရွက်ပေးရန် ပြန်လည်ဆွေးနွေခဲ့ကြကြောင်း သိရသည်။
မိမိတို့ဒေသအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူအများသိရှိနိုင်ရေး အသိပေးဆွေးနွေးခြင်း ဖြစ်သည့်အပြင် ပဲခူးဆေးရုံကြီးအတွင်း လူနာများ၊ ဝန်ထမ်းများ၏ အကျိုးအတွက် ဆောင်ရွက်နေမှုများကို မိမိတို့ဝန်ထမ်းများအားလုံး သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ အသိပေးဆွေးနွေးခြင်းဖြစ်သည့်အတွက် တက်ရောက်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုနှင့်အညီ မိမိတို့ပဲခူးဆေးရုံကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို မိမိတို့ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းလက်တွဲ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပဲခူးမြို့ ခုတင် ၅၀ဝ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောကြားသည်။
ယခုအခါ ပဲခူးဆေးရုံကြီးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ခွင့်ပြု ရန်ပုံငွေဖြင့် ၄ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ ၂ လုံးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် သံလိုက်ဓာတ်မှန်စက် (MRI) ထားရှိမည့် အဆောက်အဦအား တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


