ပဲခူး ၁၁ မတ် 

 

မတ် (၁၁)ရက် မွန်းလွဲ (၂)နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ပဲခူးမြို့နယ်၊ အင်းတကော်ဒေသတွင် နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန် အကောင်အထည်ဖော် တည်ဆောက်နိုင်ရေး Myanmar Zhejiang Chamber of Commerce မှ Mr. Tu Guo Ding ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ တင်ပြခဲ့သည်။

 

ရှေးဦးစွာ ဒါရိုက်တာ ဦးသူရအောင်က Myanmar Zhejiang Chamber of Commerce သည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၁၄)ခုအား လုပ်ကိုင်လျက်ရှိပါကြောင်းနှင့် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ဆပ်အင်းကျေးရွာအနီး၌ နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန် ဖော်ဆောင်နိုင်ရေး လုပ်ငန်းစီမံချက် အသေးစိတ်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက လုပ်ငန်းစီမံချက်များ တင်ပြရာတွင် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် လုပ်ငန်းစဉ်အဆင့်ဆင့်အား ခွဲခြားတင်ပြပေးရန်၊ အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရမည့် လမ်း၊ လျှပ်စစ်မီး၊ ရေရရှိရေးတို့နှင့် ပတ်သက်၍လည်း အသေးစိတ်ပြန်လည် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး MIC ညွှန်ကြားရေးမှူးက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကြိုဆိုလျက်ရှိသော်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

 

ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဥပဒေနှင့်အညီ လုပ်ငန်းစီမံချက် အသေးစိတ်အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြသွားရန်၊ ဒေသခံပြည်သူများနှင့်လည်း ညှိနှိုင်းဆောင်ရွက်သွားရန်၊ ပဲခူးဒေသအတွက် စီးပွားရေး၊ လူမှုရေးများ ဖွံ့ဖြိုးတိုးတက်နိုင်မည့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ မိမိတို့အစိုးရအဖွဲ့မှ ဥပဒေနှင့်အညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 

အဆိုပါစက်မှုဥယျာဉ်ဇုန် တည်ထောင်ခြင်းအားဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှု စက်ရုံပေါင်း (၁၀ဝ)ကျော် ဝင်ရောက်လာမည်ဖြစ်ပြီး ဒေသခံပြည်(၁)သိန်းကျော်နှင့် အခြားဝန်ဆောင်မှုများအတွက် လူဦးရေ(၄)သိန်းကျော် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Myanmar Zhejiang Chamber of Commerce မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)