ပေါင်းတည် အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့ မြို့မဈေးနှင့် ရွှေတည်ဈေးတို့၌ ပလတ်စတစ် ကြွပ်ကြွပ်အိတ် လျှော့ချသုံးစွဲ နိုင်ရေးအတွက် ဈေးရောင်းချနေသူများအား ဒေသထွက် အင်ဖက်များ ဖြန့်ဝေပေးခြင်းကို ယခုလ စတုတ္ထပတ်၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မိုးလှိုင်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ၊ ဈေးတာဝန်ရှိသူများ၊ ဈေးရောင်းချနေသူများအား ကြွပ်ကြွပ်အိတ် လျှော့ချသုံးစွဲရေးအတွက် ဒေသထွက် အင်ဖက်ရွက်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြပြီး သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေး၊ မြေဆီလွှာ မပျက်စီးစေရေး၊ သက်ရှိများ၏ ဂေဟစနစ်များနှင့် လူတို့၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် တစ်ဦး တစ်ယောက်ချင်း အနေဖြင့် ပလတ်စတစ် ကြွပ်ကြွပ်အိတ်များ အသုံးပြုခြင်းနှင့် စွန့်ပစ်ခြင်းများ လျှော့ချခြင်းများကို လိုက်နာ ဆောင်ရွက်ပေးကြရန် အသိပညာ ပေးသည်။
ထို့ပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဈေးရောင်းချသူများအား သားငါး အပါအဝင် အခြေခံစားသုံးကုန်များအား ဈေးနှုန်းများ မြှင့်တင်ရောင်းချမှု မပြုရေး၊ အခြေခံစားသုံးသူများ ဝယ်ယူစားသုံးနိုင်ရေးအတွက် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေးတို့ကို အသိပေးပြော ကြားခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)


