မန္တလေး  ၃၁  မေ


မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ဖ- ၁၀ ရပ်ကွက်ရှိ ပလပ်မြေပေါ်တွင် ဆောက်လုပ်ထားသော ရပ်ကွက်ဓမ္မာရုံ၊ စာနာစိတ်ပရဟိတအသင်း၏ အခမဲ့ဆေးခန်းနှင့် လူနေအိမ်များကို စည်ပင်က ဖယ်ရှားခြင်းအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အဆိုပါရပ်ကွက်ဒေသခံများမှ ပြောသည်။

 

1

 


ဒေသခံများက ပလပ်မြေဟုဆိုသော ဖ-၁၀ ရပ်ကွက်ရှိမြေပေါ်တွင် ဆောက်လုပ်ထားသော အဆောက်အဦနှင့် နေအိမ်များအား ဇွန်လ ၇ ရက်တွင် ဖျက်သိမ်းပေးရန် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနက အခုလ ၂၄ ရက်က အကြောင်းကြားပေး ပို့ခဲ့ကြောင်းသိရသည်။


‘ကျွန်တော်တို့က ကျူးကျော်နေထိုင်တာ မဟုတ်ပါဘူး။ ပလပ်မြေပေါ်မှာ ဆောက်လုပ်တာပါ။ အရင်တုန်းက ဒီနေရာဟာ အမှိုက်ပုံဟောင်းကြီးပါ။အစိုးရအနေနဲ့စီမံကိန်းရှိတယ်ဆိုရင်  ဒေသခံတွေနဲ့တွေ့ဆုံဆွေးနွေးပါ။ အခုတော့ နေ့ ပြောင်းရမလား၊ ညပြောင်းရမလားနဲ့ တွေးတောပူပန်နေရပါတယ်။ ဒါတွေကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုရော၊ မြို့တော်ဝန်ကြီးကိုပါ တွေ့ဆုံပြီးတင်ပြသွားမှာပါ’ဟု စာနာစိတ်ပရဟိတအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြိုင်က ပြောသည်။


ဖ-၁၀ ရပ်သကွက်တွင် စည်ပင်သာယာမှဖယ်ရှားခိုင်းသည်ဆိုသည့် ဖ - ၁၀ မြေနေရာသည် ၅ ဧကခန့်ကျယ်ဝန်းပြီး လူနေအိမ် ၁၅၀ ကျော်၊ ဓမ္မာရုံ၊ ပရဟိတအသင်း၊ အခမဲ့ဆေးပေးခန်း၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ ပါဝင်နေကြောင်း သိရသည်။


မကြာခင် ကျောင်းဖွင့်တော့မည်ဖြစ်သဖြင့် ဒေသခံများသည် ကလေးများအတွက် မည်သည့်ကျောင်းတွင် အပ်နှံရမည်မသိခြင်း၊ နေထိုင်မှု အခက်ခဲရှိခြင်းစသည့် အခက်ခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။


‘ကျွန်မတို့မှာ ရွှေ့စရာနေရာလည်းမရှိပါဘူး။ နေလာတာနှစ်ပေါင်း ၃၀ ရှိပါပြီ။ နေ့၊ ည အိပ်မပျော်နိုင်ပါဘူး။ ရွှေ့ရမယ်ဆိုတော့ ကလေးတွေကို ဘယ်မှာကျောင်းအပ်ရမှန်း မသိနဲ့ အခက်အခဲတွေ ရှိနေပါတယ်’ဟု ဒေသခံဖြစ်သူ ဒေါ်သီသီက ဆိုပါတယ်။


အိမို့မို့ခိုင်