ဖားကန့် ၂၁ ဖေဖော်ဝါရီ  

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့သည် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ အရပ်ဘက် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့ (ပက်ဂျီဆန်)၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များတွေ့ဆုံ၍ ဒေသတွင်း ရွှေ့ပြောင်းလုပ်သားများ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများဖော်ဆောင်ရေးကိစ္စ၊ မူးယစ်ဆေးဖြတ်လိုသူများအား ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ပေးမည့်ကိစ္စများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပသည်။

 

mdn

 

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ညွန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ခွဲ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက်လာကြသူများက ဒေသ၏အခြေအနေနှင့် ကဏ္ဍအသီးသီးတွင် ဆောင်ရွက်နေမှုများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

 

ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာ၌ မူးယစ်ဆေးစွဲသူများအား ပြုပြင်တည့်မတ်ပေးရေးအတွက် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ရာ၌ ပထမအကြိမ်အဖြစ် မူးယစ်ဆေးဖြတ်လိုသူ (၃၀)ဦးဖြင့် (၃၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)