ဖားကန့် ၂၀ စက်တင်ဘာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စက်တင်ဘာ ၁၈ ရက်က ဆီပီပါ ရှစ်လုံးအတွင်း တရားမဝင် သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီးရှိ လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရဲအုပ်ကျော်ကျော်လွင် ဦးဆောင်သည့်ရဲတပ်ဖွဲ့ဝင်များက သတင်းအရ စောင့်ဆိုင်းနေစဉ် ဖားကန့်မြို့ဘက်မှ ယာဉ်မောင်းဝေထွန်း(၁၉ နှစ်)မောင်းနှင်ပြီး အာကာကျော်(၁၇ နှစ်) လိုက်ပါလာသည့် 7A/---- နံပတ်ပါ HINO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ရှိ ဆီပီပါခွံရှစ်လုံးအတွင်း သိုဝှက်သယ်ဆောင်လာသည့် တရားမဝင်ကျောက်စိမ်းအရိုင်း ၁၇၈၀ တုံး အလေးချိန် ကီလို ၂၀ဝ၀ ကျော်အား သိမ်းဆည်း ရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်သူ ဝေထွန်း နှင့် အာကာကျော်တို့ နှစ်ဦးအား လုံးခင်းနယ်မြေရဲစခန်းတွင် ကျောက်မျက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


