ဖားကန့် ၇ နိုဝင်ဘာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာဧရိယာအစပ်ရှိ အောင်ဟိန်းမင်း ကျောက်မျက် ကုမ္ပဏီလုပ်ကွက်အတွင်း နိုဝင်ဘာ ၆ ရက် ည ၁၀ နာရီခွဲခန့်က အမြင့်ပေ ၂၅၀ ခန့်မှ ကျင်းဟောင်းကမ်းပါးယံမှမြေစာများ ပြိုကျမှုဖြစ်ပွားရာ ကျင်းဟောင်း၏ အောက်ဘက်ခြမ်းတွင် တရားမဝင်ရေမဆေးကျောက် တူးဖော်နေသူလေးဦးအား ထိခိုက်မိခဲ့ပြီး တစ်ဦးသေဆုံးနှင့် သုံးဦးပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကျင်းဟောင်းကမ်းပါးယံမှမြေစာပြိုကျမှုဖြစ်ပွားရာနေရာသည် ဇူလိုင် ၂၈ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က အမြင့်ပေ(၅၀ဝ)ခန့်ရှိသည့် မြေမှန်ကျောက်ကြော ကမ်းပါးယံကြီးမှ အောက်ဘက်နွံကန်အတွင်း ပြိုကျခဲ့မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည့် နေရာလည်း ဖြစ်သည်။
အဆိုပါ ဇူလိုင် ၂၈ ရက်နေ့ ဖြစ်စဉ်ကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသောရဲဝန်ထမ်း သုံးဦး၊ ကုမ္ပဏီလုံခြုံရေးဝန်ထမ်း ၁၅ ဦးနှင့် ကောင်ဆန်ကျေးရွာမှ ရေမဆေးကျောက်လာရောက် ရှာဖွေသူ တစ်ဦး တို့သေဆုံးခဲ့ရသည်။
ယခု ကျင်းဟောင်းကမ်းပါးယံမှ မြေစာပြိုကျမှု ဖြစ်စဉ်ကြောင့် ဖားကန့်မြို့နယ်၊ ဆိပ်မူ ကျေးရွာ အုပ်စု၊ တောင်းကော့ကျေးရွာတွင် နေထိုင်ကြသူများဖြစ်သည့် မျိုးထက်အောင်(၂၅)နှစ်၊ ဝေလှိုင်ဦး (၃၀)နှစ်နှင့် မြင့်ဝင်း(၂၇)နှစ်နှင့် အောင်ဆန်းဝင်း(၃၂)နှစ် တို့ဖြစ်ကြောင်းသိရသည်။
မြေစာပြိုကျရာနေရာသို့ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူ ညီရေးအသင်းအဖွဲ့များမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူ များအား တောင်းကော့ကျေးရွာနှင့်ကောင်ဆန်ကျေးရွာတို့မှ လူမှုကူညီရေးကားများဖြင့် ဖားကန့် ပြည်သူ့ဆေးရုံကြီးသို့ ညတွင်းချင်း ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


