ဖျာပုံ ၁၄ မတ်
စပါးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ဖျာပုံမြို့နယ်အတွင်း ယခုနှစ်စိုက်ပျိုးသည့် နွေစပါးအောင်ရေ လုံလောက်စွာ ရရှိရေးနှင့် လာမည့်မိုးတွင်းကာလ မိုးစပါးရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေရေးအတွက် ဖျာပုံမြို့ နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သမ္ဘာန်အေး-ကျိုက္ကဘာတာ ဧရိယာအတွင်း တိမ်ကောနေသည့် ချောင်း၊ မြောင်းများအား ဒေသလိုအပ်ချက်ပေါ် မူတည်၍ ဦးစားပေးအလိုက် တူးဖော်ဆောင်ရွက် ပေးလျက်ရှိရာ လက်ရှိတွင် ထိပ်ဝအကျယ်ပေ (၃၀)၊ အောက်ခြေအကျယ် (၂၂) ပေ၊ ပျမ်းမျှ အနက် (၅) ပေနှင့် အလျား (၆) မိုင်ကျော်ရှိ ကျိုက္ကဘာ-အလန်းဖလွတ်မြောင်းအား နွေစပါးစိုက်ပျိုးရာသီအမီ တူးဖော်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ သမ္ဘာန်အေး-ကျိုက္ကဘာတာအတွင်း ချောင်းကောမြောင်းကောများ တူးဖော်ပေးမှုအပေါ် အလန်းဖလွတ်ကျေးရွာမှ နွေစပါးဧက(၁၀ဝ)ကျော်စိုက်ပျိုးသည့် တောင်သူ ဦးရွှေမြင့်သိန်းက “နွေစပါး စိုက်ပျိုးနေတဲ့ တောင်သူတွေအတွက် အခုတူးဖော်ပေးနေတဲ့ ကျိုက္ကဘာ-အလန်းဖလွတ် မြောင်းမကြီးက အတော့်ကို အဓိက ကျပါတယ်။ ဒီမြောင်းက ရေချိုနဲ့ စိုက်ပျိုးနေရသလို မိုးရာသီမှာလည်း ကျွန်းတွင်းက ပိုလျှံရေကို ဒီမြောင်းကပဲ ပြန်ထုတ်ရတာပါ။ ကျွန်တော်တို့လည်း တကယ်လိုအပ်လို့ တူးဖော်ပေးဖို့ တောင်းဆိုရတာပါ။ နွေစပါးက တစ်နှစ်ထက်တစ်နှစ် သိသိသာသာ စိုက်ပျိုးအောင်မြင် လာပြီဖြစ်တဲ့အတွက် စိုက်ဧက တိုးတက်လာတာနဲ့အမျှ လုံလောက်တဲ့ ရေချိုပမာဏ ရဖို့လည်း လိုအပ်ပါတယ်။ ကျန်တဲ့မြောင်းတွေကိုလည်း အလျဉ်းသင့်ရင် တူးဖော်ပေးစေချင်ပါတယ်” ဟုပြောသည်။
အဆိုပါ ကျိုက္ကဘာ-အလန်းဖလွတ်မြောင်းသည် အလျား(၂)မိုင်၊ ကာကွယ်ဧက (၁၅၀၁) ဧကရှိ သမ္ဘာန်အေး-ကျိုက္ကဘာတာနှင့် ဆက်စပ်ဧရိယာများအား အကျိုးပြုလျက်ရှိပြီး ဧက (၁၃၀ဝ၀)ခန့် စိုက်ပျိုးအောင်မြင်နေသည့် အလန်းဖလွတ်၊ ကျိုက္ကဘာ၊ သမိန်ထောကုန်းတန်း၊ သမိန်ထောသိမ်ကုန်းနှင့် သုံးထပ်စသည့် ကျေးရွာအုပ်စုများ၏ နွေစပါး စိုက်ပျိုးမှုများအတွက်ပါ အထောက်အကူပြုလျက်ရှိသဖြင့် ယခုနှစ် (၂၀၁၈-၂၀၁၉) တွင် အလျားပေ (၃၁၆၈၀) ပေအား လျာထား၍ တင်ဒါအောင်မြင်သည့် သစ္စာပြည့်စုံကုမ္ပဏီဖြင့် တူးဖော်ဆောင်ရွက်ပေးလျက်ရှိရာ မတ် (၁၂) ရက်တွင် အလျားပေ (၃၀ဝ၀ဝ) ခန့်ထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
သပြေထွန်း


