ဧပြီ ၂၇
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိတက္ကသိုလ်တစ်ခုတွင် ယမန်နေ့မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသားသုံးဦးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် အခြားသတင်း အရင်းအမြစ်များက ဆိုသည်။
အဆိုပါတရုတ်ဘာသာစကားသင်တန်းဆရာများလိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီး ကွန်ဖြူးရှပ်အင်စတီကျု့ ကျောင်းဝင်းအတွင်းသို့မောင်းနှင်လာစဉ် လမ်းဘေးတွင်ရပ်နေသည့် ၎င်း၏ကိုယ်ပေါ်တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများတပ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသန္တရမီဒီယာကဆိုသည်။
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းရှိ ဘာလိုချီစတန်ပြည်နယ်မှ လက်နက်ကိုင်ခွဲထွက်ရေးအုပ်စုတစ်စုက ထိုတိုက်ခိုက်မှုသည် ၎င်းတို့၏လုပ်ဆောင်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ပါကစ္စတန်ဝန်ကြီးချုပ်က ထိုပြစ်မှုကျူးလွန်သူများကို တရားဥပဒေအရ အရေးယူသွားမည်ဟု ဒေသန္တရမီဒီယာကို ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ဇူလိုင်လက ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတစ်ခုတွင် တရုတ်နိုင်ငံသား ကိုးဦး သေဆုံးခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


