ပခုက္ကူ ၁၄ မတ်
ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပခုက္ကူမြို့၊ တော်ဝင်နန်းဟိုတယ်ခန်းမ၌ ကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)မှ စီမံကိန်းမန်နေဂျာ Ms.Undraa Suren က ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်း ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးကိုကိုလင်း က အလုပ်သမားအရေးနှင့် ပတ်သက်၍ ဌာနမှ ဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ရဲမှူးကံဝင်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်းကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ IOM အဖွဲ့မှ စီမံကိန်းမန်နေဂျာ Ms.Undraa Suren နှင့် စီမံကိန်းအရာရှိ ဒေါ်မေစန္ဒာဝင်း တို့က ကမ္ဘာလုံးဆိုင်ရာရွှေ့ပြောင်းသွားလာခြင်း အခြေအနေနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရွှေ့ပြောင်းသွားလာခြင်း ပုံစံများအား ခြုံငုံသုံးသပ် တင်ပြကြသည်။
ထို့နောက် ရွှေ့ပြောင်းသွားလာခြင်းနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ချိတ်ဆက်မှုများ၊ လုပ်သားရွှေ့ပြောင်းသွားလာခြင်း၏ ဆိုးကျိုး သက်ရောက်မှုများအား လျော့ပါးစေပြီး၊ ကောင်းကျိုးသက်ရောက်မှုများ ပိုမိုတိုးမြင့်စေရန် လုပ်ဆောင်သင့်သည့် ကိစ္စများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ပခုက္ကူနှင့် ရေစကြိုမြို့နယ်များမှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာပြည်သူများက ပူးပေါင်းပါဝင်ဆွေးနွေးကြကြောင်း သိရသည်။
ကိုဇော်(ဓါတု)


