နေပြည်တော် ၃၁ အောက်တိုဘာ

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေး ရွာသူ၊ ကျေးရွာသားများအား AA  အဖွဲ့က  ဖမ်းဆီးခေါ်ဆောင်ခြင်းများ  ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊   ဇန်နဝါရီ ၃၁ ရက်တွင် ခမောင်းဝကျေးရွာမှ ဦးရွှေစိန်မောင် အပါအဝင် ကျောင်းသား၊ ကျောင်းသူများနှင့် ရွာသူ၊ ရွာသား ၆၉ ဦး ၊ ဇွန် ၁၄ ရက်တွင် သံထောင်ကျေးရွာနေ ဦးကျော်အေး ၊  ဇွန် ၁၆ ရက်တွင် ဘောင်ဝကျေးရွာနေ ဦးကျော်စိန် အပါအဝင် ၄ ဦး ၊  သြဂုတ် ၁ ရက်တွင် သံထောင် ကျေးရွာနေ ဦးမြင့်မောင်မောင် ၊  သြဂုတ် ၁၀ ရက်တွင် နန်းချောင်းဝကျေးရွာနေ ဦးဆာပေါင်း ၊  စက်တင်ဘာ ၁၄ ရက်တွင် ဝန်ချောင်းဝ ကျေးရွာနေ ဦးနေမျိုးသန့် အပါအဝင် ၃ ဦး တို့အား ခေါ်ဆောင်သွားခဲ့ရာ စုစုပေါင်း ၈၂ ဦးရှိ ကြောင်း သိရသည်။

 

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများနှင့် ကျေးရွာတွင် ကျန်ရှိခဲ့သည့် မိဘဆွေမျိုးများ၊ ကျေးရွာသူ၊ ကျေးရွာသားများ ယနေ့အချိန်အထိ တစ်စုံတစ်ရာ အဆက်အသွယ်မရရှိသည့်အပြင် ပြန်လည် လွတ်မြောက်ရောက်ရှိလာခြင်းလည်း မရှိသေးကြောင်း သိရှိရသည်။

 

ထို့ပြင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများ ပြန်လည်လွတ်မြောက်လာစေရေးအတွက် ချင်းပြည် နယ်အစိုးရအဖွဲ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ လိုအပ်သလိုကူညီ ဆောင်ရွက်ပေးနိုင်ရန် တင်ပြထားရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

(သတင်းစဉ်)