ပွင့်ဖြူ ၁၈ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း ကျေးရွာ ၁၄ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၁၄ ခု အား စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ ၁၄ ရွာအား ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး (VDP)စီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၀ဝ ခွင့်ပြုချထားပေးခဲ့ပြီး ကျေးရွာနေပြည်သူများမှ အလှူငွေများ စုပေါင်းထည့်ဝင်မှုဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၁၄ ခုတွင် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၉ ခု၊ ကျေးရွာလျှပ်စစ် မီးလင်းရရှိရန် ၄၀ဝ ဗို့လိုင်း သွယ်တန်းခြင်းလုပ်ငန်း ၄ ခုနှင့် ကျေးလက်ကုန်ထုတ်လမ်းနှင့် Box Culvret ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ၁ ခု၊ စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း ၁၄ ခုအား အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။
ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီစွာ ဆောင်ရွက်သွားနိုင်ရေး ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းအခက်အခဲများ မဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


