နေပြည်တော် ၃၀ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာအနီး မန္တလေး-မူဆယ် ကားလမ်း Mobile X-Ray ရိုက်စက်၌ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ ၂၅ မိနစ် အချိန်က ပူးပေါင်းအဖွဲ့သည် နောင်ချိုမှ မန္တလေးသို့ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနေ ဖြိုးကိုကိုမောင်(ခ)မောင်ဖြိုး(၂၈)နှစ် မောင်းနှင်ပြီး ညီဖြစ်သူ ဖြိုးကိုကိုငယ်(ခ)ပြူးလေး(၂၁)နှစ် လိုက်ပါလာသည့် 7l/xxxx Nissan UD (၆)ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏ရှေ့ခန်း အတွင်းရှိ ဆာလာအိတ်(၅)အိတ်အတွင်းမှ အရှည် ၂.၅ လက်မခန့်ရှိ စနက်တံနှင့် အရှည် ၆ ပေခန့်ရှိ ဝါယာ ၂ ပင် ဆက်သွယ်ထားသည့် ဒီတိုနေတာ ၁၄၅၀၀ ချောင်း၊ (၁)ချောင်းလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေ ၂၁,၇၅၀,၀၀၀ ကျပ် အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့ နှစ်ဦးအား စစ်မေးရာ အဆိုပါ ဒီတိုနေတာများအား အမရပူရမြို့နယ် တောတွင်းကျေးရွာအနီး သရက်ခြံ၌နေထိုင်သူ လေးမင်း (၄၂)နှစ်၏ ဆက်သွယ်ပေးမှုဖြင့် လားရှိုးမြို့ရှောင်လမ်း ဘုရားကြီးကုန်းဆင်းအနီး၌ အမျိုးသား ၃ ဦး(စိစစ်ဆဲ)က 4 Wheel ယာဉ်ဖြင့် လာရောက် တင်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့မှ သယ်ဆောင်ခငွေ ၈၀,၀၀၀ ကျပ်ဖြင့် လေးမင်းထံ သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရ၍ ဖြိုးကိုကိုမောင်(ခ)မောင်ဖြိုး၊ ဖြိုးကိုကိုငယ်(ခ) ပြူးလေးနှင့် လေးမင်းတို့ ၃ ဦးနှင့် ဒီတိုနေတာများ တင်ဆောင်ပေးသူ အမျိုးသား ၃ ဦးတို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်းနှင့် ကွင်းဆက်တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ရဲပြန်ကြား)


