ပြည် ၁၁ မတ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနာလမ်း ခေတ္တရာဧရာပန်းခြံ သဲသောင်ပြင်၌ LED မီးအလုံးပေါင်း သန်းတစ်ရာဖြင့် မီးအလှဆင်ပြသမည့် LED မီးအလှပွဲတော်ကြီးကို တက္ကသိုလ်ဝင်စာမေးပွဲများအပြီး မတ် ၁၆ ရက် ညနေပိုင်းမှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းပွဲတော်ကို ပြည်မြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းစီစဉ်မှုဖြင့် ပညာရှင်များက LED မီးအလုံးပေါင်း သန်းတစ်ရာကိုအသုံးပြု၍ မီးအလှဆင် ဖန်တီးပြသမည်ဖြစ်ပြီး ပြည်မြို့သန့်ရှင်းသာယာလှပရေး၊ နွေရာသီကျောင်းပိတ်ရက်အတွင်း ကလေးများ ပျော်ရွှင်စွာအပန်းဖြေနိုင်ရေးနှင့် ပြည်ဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားများအား ဆွဲဆောင်မှုရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
အဆိုပါ LED မီးအလှပွဲတော်ကြီးတွင် မီးအလှပညာရှင်များ၏ အရောင်အသွေးနှင့် ဒီဇိုင်း(ပုံစံ)မျိုးစုံ LED မီးအလှဆင် ဖန်တီးပြသမှုများအပြင် အဆိုတော် အောင်ထက်နှင့် ချမ်းမြေ့မောင်ချို အပါအဝင် နိုင်ငံကျော် အဆိုတော်များ၏ တေးဂီတဖျော်ဖြေမှုများ၊ လူရွှင်တော်များ၏ ပျော်ရွှင်ဖွယ်ရာ ဖျော်ဖြေမှုများ၊ မျက်လှည့်ပညာရှုင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် အခြားဖျော်ဖြေရေး အစီအစဉ်များ ပါဝင်မည်ဖြစ်ကာ ပွဲတော်ကို မတ် ၁၆ ရက်မှ ၃၁ ရက်အထိ နေ့စဉ် ည (၆) နာရီမှ (၁၁)နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)


