ဘားအံ ၁၆ မတ်
ကရင်ပြည်နယ်၊ ဘားအံမြို့ သန့်ရှင်းသာယာလှပရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဦးဆောင်၍ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများက မတ်လ ၁၆ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်က ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေ ပြည်သူလူထုများ စုစုပေါင်းအင်အား ၅၀ဝ ကျော်တို့က ကမ်းနားလမ်း တစ်လျှောက်ရှိ စွန့်ပစ်ပလပ်စတစ်နှင့် အမှိုက်များအား ဘားအံမြို့နှင့်ကမ်းနားလမ်း သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ဘားအံမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင်လည်း ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ဆေးရုံကြီးပရဝဏ်အတွင်းရှိ ခြုံ၊ နွယ်၊ မြက်ပင်များအား ခုတ်ထွင်းရှင်းလင်း၍ စွန့်ပစ်ပလတ်စတစ်နှင့် အမှိုက်များအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းနှင့် ဘားအံမြို့တွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


