ရန်ကုန် အောက်တိုဘာ ၂၃

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု ကြာကန်ဗိမာန်တော်၌ ကျင်းပသည်။

 

နည်းပညာ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများ၊ ပိုးသတ်ဆေးဆိုင် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှင်းလင်းတင်ပြ

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများ၊ စိုက်ပျိုးရေးသွင်းအားစု ရောင်းချသည့် အရောင်းကုမ္ပဏီများ၊ အရောင်းဆိုင်များ၊ စိုက်ပျိုးရေး ထွက်ကုန်များကို ကုန်သွယ်မှုပြုနေသူများ၊ နိုင်ငံခြားကို တင်ပို့ရောင်းချနေသူများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများအားလုံး ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်သည့် စိုက်ပျိုးရေးထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရောင်းချနိုင်မည်ဖြစ်ကာ အောင်မြင်အောင် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲညွှန်ကြားရေးမှူး ဦးဇော်လင်းက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ထုတ်လုပ်မည့် တိုက်ရိုက်မျိုးစေ့ချ ကိရိယာများ အကြောင်းကို တက်ရောက်လာသူများအား ရှင်းလင်းပြသသည်။

 

ဆက်လက်၍ တာဝန်ရှိသူများက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ အင်းဆက်ဖျက် ပိုးများ ဘက်စုံကာကွယ်ရေးနည်း လမ်းများအသုံးပြု၍ ကာကွယ် နှိမ်နင်းနည်းများ၊ သီးနှံရောဂါများ ဘက်စုံကာကွယ်ရေး နည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ သီးနှံဖျက်ပေါင်းပင်များ ဘက်စုံကာကွယ်ရေး နည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ မြေဆီလွှာ စီမံခန့်ခွဲမှု နည်းလမ်းများနှင့် ဓာတ်မြေဩဇာ စနစ်တကျ အသုံးပြုနည်းများနှင့် မျိုးကောင်းမျိုးသန့် သုံးစွဲရေး အကြောင်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)