နေပြည်တော် ၂၁ ဖေဖော်ဝါရီ  

 

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၇) ဌာန၊ တိုင်းဒေသကြီး / ပြည်နယ် (၁၃)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ကော်မတီအတွင်းရေးမှူး ဦးဇုံးတိန့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးများတွင် အတည်ပြုခဲ့သည့် အဆိုများ၊ ကတိဖြစ်ခဲ့သော ကြယ်ပွင့်ပြ/ ကြယ်ပွင့်မပြမေးခွန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းစွာ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ကော်မတီဝင်များက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်မှ ဒသမပုံမှန် အထိအစည်းအဝေးများတွင် အတည်ပြုခဲ့သည့် အဆိုများ၊ ကတိဖြစ်ခဲ့သော ကြယ်ပွင့်ပြ/ ကြယ်ပွင့် မပြမေးခွန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းအခြေအနေများ၊ ဆောင်ရွက်ရန်ကျန်ရှိနေသော လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ရှင်းလင်းတင်ပြမှုများအပေါ် ကော်မတီဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ  ၂ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ 


 
(သတင်းစဉ်)